ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ယနေ့ ဇွန် ၁၀ ရက်နံနက်ပိုင်းက နယုန်လပြည့်(မဟာသမယအခါတော်နေ့)အခမ်းအနားအား စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ စေတီတော်ရင်ပြင်ရှိသတ် မှတ်နေရာများ၌ကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ပြည့်စုံလင်းနှင့် တာဝန်ရှိသူများတက်ရာက် ကြည်ညိုပူဇော်ခဲ့ကြသည်။
အခမ်းအနားတွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ယောဆရာတော်ထံမှ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသူများက နဝင်္ဂသီလခံယူဆောက်တည်ခဲ့ကြကာ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ထို့နောက် စေတီတော်ရင်ပြင်တော် ချမ်းသာကြီးတန်ဆောင်းမှစတင်၍ နယုန်လပြည့် မဟာသမယအခါတော်နေ့လှည်လည်ပူဇော်ပွဲကျင်းပရာ မဟာသမယအခါတော်နေ့ဖြစ်ပေါ်လာပုံအားဖော်ကျူးသည့်အနေဖြင့် ကပိလဝတ်နှင့် ကောလိယ နှစ်ပြည်ထောင်ကိုယ်စားပြုမင်း၊ မူးမတ်၊ အဆောင်အယောင်များဖြင့် ရာဇာ၀င်းခင်းကာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ခဲ့ကြသည်။
ထို့အတူ ချမ်းသာကြီးတန်ဆောင်း၌ စိန်ရောင်ခြည်ဘုရားပင့်ဂါထာဖြင့် ဘုရားရှင်ကိုပင့်လျှောက်ထားခြင်း၊ နတ်/ဗြဟ္မာများကို ဖိတ်ကြားခြင်း၊ ရွှေတိဂုံဘုရားရှိခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ မဟာသမယသုတ်ပါဠိတော်ကို စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆုတောင်း/အမျှဝေ/သာခုခေါ်ဆိုခြင်း၊ နတ်/ဗြဟ္မာများကိုပြန်လည်ပို့ဆောင်ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြသည်။