ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပျ-က်ပြားစေရန် အွန်လိုင်းမီဒီယာများပေါ်၌ ရေးသားဖြန့်ဝေခဲ့သူများအား ဖော်ထုတ်အရေးယူနေရာ စက်တင်ဘာ (၂) ရက် အထိ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” အရ အရေးယူဆောင်ရွက်မှု (၃)မှုရှိခဲ့ပြီဖြစ်ကြောင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောသည်။
ယမန်နေ့ စက်တင်ဘာ(၅)ရက်က ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ကပြောကြားခဲ့ခြင်း ဖြစ်သည်။
လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ကော်မတီများအနေဖြင့် ရွေးကောက်ပွဲလုံခြုံရေးအား ထိခို-က်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများအား Online Media အသုံးပြုကျူးလွန်နေသူများအား စုံစမ်းဖော်ထုတ်အရေးယူသွားရန်ပြီး ရွေးကောက်ပွဲဆိုင်ရာကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး ဆောင်ရွက်ကြရန်လည်း ပြည်ထောင်စုဝန်ကြီး ကပြောသည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ်ကျင်းပပေးပြီး ထွက်ပေါ်လာသည့် အစိုးရကို နိုင်ငံတော်တာဝန်များအား လွှဲပြောင်းပေးအပ်နိုင်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများအားလုံးမဲပေးနိုင်ရေး၊ လုံခြုံမှုအပြည့်အဝရှိသော ရွေးကောက်ပွဲဖြစ်စေရေး စသည်တို့ကို တာဝန်ရှိသူအဆင့်ဆင့်ကအကောင်အထည်ဖော် ဆောင်ရွက်ပေးရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
လာမည့် ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက်တွင် စတင်ကာ မြို့နယ် (၁၀၂)မြို့နယ်၌ ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။
