မဲစာရင်းမှန်ကန်မှုရှိစေရေး ကြိုတင်ပြင်ဆင်ခြင်းများလည်း အတိုင်းတာတစ်ခုထိ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့
ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်ဆောင်ရွက်ပေးသွားရမည်ဖြစ်ပြီး မဲစာရင်းများမှန်ကန်မှုရှိစေရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများတွင်ပါဝင်သည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခြင်းကိုလည်း အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။
ယနေ့ ဩဂုတ်(၁၂)ရက်နေ့တွင် ကျင်းပသည့် နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် အစည်းအဝေး၌အမှာစကားပြောကြားရာတွင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်း ဆောင်ရွက်သကဲ့သို့ မဲဆန္ဒနယ်များအလိုက် အချက်အလက်များ ကောက်ယူခြင်းနှင့်နယ်မြေများအလိုက် လုံခြုံရေးဆိုင်ရာ အချက်အလက်များရယူခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း ၄င်းက ပြောသည်။
ရွေးကောက်ပွဲကျင်းပပြုလုပ်ခြင်းသည် လွှတ်တော်အသီးသီးကို ခေါ်ယူ ဖွဲ့စည်းနိုင်ရန်ဖြစ်ပြီး လွှတ်တော်မှနေ၍ သမ္မတ၊ဒုတိယ သမ္မတ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့စည်းများ၊ သမ္မတ မှ တာဝန်ပေးအပ်သည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများတွင် တာဝန်ပေးအပ်ပြီး အစိုးရအဖွဲ့ တာဝန်ပေးအပ်နိုင်အောင် ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲအထမြောက်ရန် နှင့် ဥပဒေနှင့်ညီညွတ်ရန် အရေးကြီးကြောင်းလည်း ပြောကြားခဲ့သည်။
ရွေးကောက်ပွဲကျင်းပချိန်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများကိုလည်း စည်းရုံးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းဆိုသည်။
ထို့အပြင် ရွေးကောက်ပွဲတွင်ပါဝင်မည် နိုင်ငံရေးပါတီဝင်များ ၊ ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးသည့်ကာလမှ မဲပေးသည့်ကာလအထိ လုံခြုံစွာဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေး လိုအပ်သည့်ကာကွယ်ပေးမှုများကိုလည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။
