မွန်ပြည်နယ်၊ ရေးမြို့သို့ ဆေးကုရန်သွားသည့် ကားအား လက်နက်ကိုင်အဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် တစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်တစ်ခု မတ်လ (၁၅) ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။
မတ်လ (၁၅) ရက် နံနက်ပိုင်းက ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာနေ ဦးလွင်မိုးအေးသည် ညီမဖြစ်သူ မဇင်မိုးအေး၊ တူဖြစ်သူ မောင်အောင်ဇာနည်ဟိန်း (၈)နှစ် တို့နှင့်အတူ ရေးမြို့သို့ ဆေးကုသရန် ကားဖြင့် ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ထွက်ခွာလာစဉ် နံနက် (၈) နာရီခွဲခန့်၌ ကံလှကျေးရွာအနီးအရောက်တွင် လက်နက်ကိုင်အဖွဲ့များက ၎င်းတို့စီးနင်းလာသည့် ကားအား သေနတ်များဖြင့်ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ဦးလွင်မိုးအေးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် အသက်(၈)နှစ်အရွယ် မောင်အောင်ဇာနည်ဟိန်းနှင့် မဇင်မိုးအေးတို့တွင်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး သေဆုံးသူ၏ ရုပ်အလောင်းအား ရေးမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
လက်နက်ကိုင်အဖွဲ့ဝင်များသည် ပစ်ခတ်ပြီးနောက် ဆိုင်ကယ်များဖြင့် မောင်းနှင်ထွက်ပြေးသွားသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးတို့အတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
