ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)ကျင့်သုံးခဲ့၍ ရွေးကောက်တင်မြှောက်ခံရသည့်ပါတီအရေအတွက်မြင့်မားလာသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌဦးသန်းစိုးမှ ယ နေ့ ဖေဖော်ဝါရီ ၁၃ ရက်နံနက်ပိုင်းက UEC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီ (၅၇)ပါတီအနက် နိုင်ငံရေးပါတီ(၃၁)ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ် စားလှယ်(၁)ဦးတို့ ရွေးကောက်တင်မြှောက်ခံခဲ့ရသည်ဟု ပြောသည်။
ထို့ကြောင့် တိုင်းရင်းသားပါတီများ၊ ပါတီငယ်များလွှတ်တော်အတွင်းကိုယ်စားပြုခွင့်ပိုမိုရရှိလာကာ ရော နှောထားသောကိုယ်စားလှယ်အချိုးကျစနစ်(MMP) ကျင့်သုံးခြင်းဖြင့် ရွေးကောက်တင်မြှောက်ခံရသည့်ပါ တီအရေအတွက်လည်းမြင့်မားလာသည်ဟု ပြောသည်။
” ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကျင်းပပြီးသွားပေမယ့် ဆက်လက်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေဖြစ်တဲ့ အမြဲတမ်းရှင်သန်နေတဲ့ မဲဆန္ဒရှင်စာရင်းဖြစ်စေဖို့ဆောင်ရွက်တာ၊ ကျင်းပပြီးခဲ့တဲ့ ရွေးကောက်ပွဲအပေါ်မှာ အားသာချက်၊ အားနည်းချက်တွေများကိုလည်းပြန်လည်သုံးသပ်နေပါတယ်”ဟု UEC ဥက္ကဋ္ဌဦးသန်းစိုးက ပြောသည်။
ထို့ပြင် ဥပဒေ၊ နည်းဥပဒေပြင်ဆင်ရေးအပါအဝင် လိုအပ်ချက်များကိုပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကာ အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားမည့် ကိုယ်စားလှယ်နေရာများနှင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခဲ့သည့် မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေး ကောက်ပွဲကျင်းပပေးမည့်အချိန်တွင် အဆင်သင့်ဖြစ်စေရေး၊ နိုင်ငံရေးပါတီများအနေဖြင့် မဲဆန္ဒရှင်များနှင့် စဉ်ဆက်မပြတ်ထိတွေ့နေရန်လိုအပ်သည်ဟု ပြော သည်။
ထို့အတူ ကိုယ်စားလှယ်ရွေးချယ်မခံရသည့် နိုင်ငံရေးပါတီများအနေဖြင့်လည်း လွှတ်တော်ပြင်ပအမျိုးသားနိုင်ငံရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်သူ လူထုအကျိုး၊ မဲဆန္ဒရှင်များ၏အကျိုးကိုဆောင်ရွက် ပေးခြင်းဖြင့် ပြည်သူလူထု၏ ထောက်ခံအားပေးမှုကိုရရှိအောင်ဆောင်ရွက်ရမည်ဟု UEC ဥက္ကဋ္ဌဦးသန်းစိုးက ပြောကြားခဲ့သည်။
