ရုရှားနှင့်ယူကရိန်းတို့ အကျဉ်းသားအယောက် ၂၀၀ လဲလှယ်ရန်သဘောတူဟုတူကီယေးသမ္မတဆို
အစ္စတန်ဘူလ်၊စက်တင်ဘာ ၂၀
ရုရှားနှင့်ယူကရိန်းတို့သည် ခုနစ်လကြာစစ်ပွဲအတွင်း အကြီးမားဆုံးလဲလှယ်မှုတစ်ခုအနေဖြင့် အကျဉ်းသား ၂၀၀ ကိုလဲလှယ်ရန်သဘောတူညီခဲ့ကြောင်း တူကီယေးသမ္မတ အာဒိုဂန်ကအမေရိကန်ရုပ်မြင်သံကြားသို့ပြောကြားခဲ့သည်။
သမ္မတအာဒိုဂန်သည် လွန်ခဲ့သည့်သီတင်းပတ်က ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဥဇဘက်ကစ္စတန်၌ကျင်းပသည့် ဒေသဆိုင်ရာထိပ်သီးအစည်းအေဝးတွင်ဆွေးနွေးပြီးနောက် ယင်းကြေညာချက်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သမ္မတအာဒိုဂန်သည်လဲလှယ်မှုနှင့်ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမရှိဘဲအဆိုပါလူများသည် ဓားစာခံများသာဖြစ်သည်ဟုပြောကြားကာ လဲလှယ်မည့်နှစ်နိုင်ငံ၏လက်ထဲတွင် တစ်ဘက်စီ၌အကျဉ်းသားဦးရေမည်မျှရှိသည်ကိုလည်း ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။
နှစ်ဖက်သဘောတူညီမှုအရ ဓားစာခံနှစ်ရာကို လဲလှယ်သွားမည်ဖြစ်ပြီး သိသာထင်ရှားသောခြေလှမ်းတစ်ရပ်ကို ရှေ့သို့လှမ်းနိုင်လိုက်သည်ဟုထင်ကြောင်း PBS ရုပ်မြင်သံကြားသို့ စက်တင်ဘာ ၁၉ ရက် တနင်္လာနေ့က သမ္မတအာဒိုဂန်ကပြောကြားခဲ့သည်။
ယခုရုရှား-ယူကရိန်းအရေး၌ နေတိုးအဖွဲ့ဝင် တူကီယေးသည် ကြားနေရန်သာကြိုးစားခဲ့ပြီး ကိဗ်သို့တိုက်ခိုက်ရေး ဒရုန်းများထောက်ပံ့ပေးကာ မော်စကိုအပေါ်အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကိုလည်း ရှောင်ဖယ်ရန်လည်းကြိုးစားခဲ့သည်။
သမ္မတပူတင်အနေဖြင့် စစ်ပွဲကိုအဆုံးသတ်ရန်ဆန္ဒရှိကြောင်းထင်မြင်ယူဆသည်ဟုလည်း သမ္မတအာဒိုဂန်ကပြောကြားခဲ့သည်။ “ကျွန်တော်နဲ့ သမ္မတပူတင်တို့ကြား ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပြီး သမ္မတအနေနဲ့အခုဖြစ်နေတဲ့စစ်ကိုတတ်နိုင်သမျှ အမြန်ဆုံးအဆုံးသတ်ဖို့ဆန္ဒရှိတယ်ဆိုတာ သူ့ဆီမှာမြင်နေရပါတယ်” ဟု မစ္စတာအာဒိုဂန်ကဆိုသည်။
“ရေရှည်အပစ်အခတ်ရပ်စဲဖို့ဆိုရင် ရုရှားသိမ်းပိုက်ထားတဲ့နယ်မြေတွေကို ပြန်ပေးဖို့လိုအပ်ပါလိမ့်မယ်၊ဒီနည်းနဲ့ပဲ ယူကရိန်းမှာငြိမ်းချမ်းရေးထူထောင်နိုင်မှာဖြစ်ပါတယ်၊ကျွန်တော်တို့အနေနဲ့တစ်နိုင်ငံတည်းရဲ့ခေါင်းဆောင်ကိုကိုယ်စားပြု ကာကွယ်ပေးရမှာမဟုတ်ဘဲ ပါဝင်တဲ့နှစ်ဖက်ခေါင်းဆောင် တွေနဲ့ ကျန်နိုင်ငံတွေကပါကျေနပ်လက်ခံနိုင်တဲ့ အဖြေကိုရှာဖွေရမှာဖြစ်ပါတယ်” ဟု၎င်းကဆက်လက်ပြောကြားခဲ့သည်။
သမ္မအာဒိုဂန်သည် ပူတင်နှင့်ယူကရိန်းသမ္မတဗလာဒီမာဇလန်းစကီးတို့အား အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးရန်အတွက် တူရကီသို့ခေါ်ဆောင်ရန်လည်း အကြိမ်ကြိမ်ကြိုးစားခဲ့သူဖြစ်သည်။
Source –CNA/hw