မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များကို ရုရှားနိုင်ငံသို့တင်ပို့ရန် နှစ်နိုင်ငံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
သြဂုတ်လ (၁၁)ရက်တွင် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကုန်သွယ်ရေးကိုယ်စားလှယ် Mr. Konstantin Kanarev ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံပွဲတွင် ရုရှားနိုင်ငံသို့ မြန်မာနိုင်ငံမှတင်ပို့လိုသည့် အလားအလာရှိသော စိုက်ပျိုးရေးထုတ်ကုန်များ၊ ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းလိုသည့် ကုန်စည်များ၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပြုနိင်သည့် ကုန်စည်များ၊ လယ်ယာထွက်ကုန်များ၊ ဈေးကွက်အခြေအနေ၊ လုပ်ထုံးလုပ်နည်းများ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရေးအတွက် Trading House ဖွင့်လှစ်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
