မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ရိုးရာသနပ်ခါးအလှ လိမ်းချယ်ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီမှ သိရသည်။
အဆိုပါပြိုင်ပွဲကို ပဲခူးတိုင်းဒေသကြီး၊ ရွှေမောဓောဘုရားလမ်း၊ ကားပါကင်နေရာတွင် မတ်လ (၈) ရက်မှ (၁၄) ရက်အထိ ညနေ (၄) နာရီမှ ည (၁၀) နာရီအထိကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
” သနပ်ခါး လိမ်းချယ်တဲ့ပွဲလည်း ပါသလို ရိုးရာခြင်းလုံးပြိုင်ပွဲလည်းပါတယ်။ ဒီပွဲက ယူနက်စကိုစာရင်းဝင်ဖို့အတွက် အထောက်အပံ့ဖြစ်စေဖို့ ကျင်းပတာဖြစ်ပါတယ်။ ဈေးရောင်းပွဲတော်လည်းပါတယ်။ သနပ်ခါးတုံးတွေလည်းရောင်းချမှာဖြစ်ပါတယ်။ ပါဝင်ရောင်းချသူတွေအနေနဲ့ ရောင်းချမယ်ဆိုရင် ပွဲတော်ကျင်းပရေး ကော်မတီကို ဆက်သွယ်လို့ရပါတယ်” ဟုပွဲတော်ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ယင်းပြိုင်ပွဲနှင့်အတူ ရိုးရာအားကစားနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများလည်းပါဝင်ကြောင်း သိရသည်။
ရိုးရာသနပ်ခါးအလှ လိမ်းချယ်ပြိုင်ပွဲကြီးတွင်အကဲဖြတ်ဒိုင်များနှင့်အတူ နာမည်ကြီးအနုပညာရှင်များက ပါဝင်အကဲဖြတ်ပေးမည်ဖြစ်ပြီး နိုင်ငံကျော် Cele များ၊ နိုင်ငံကျော်လူရွင်တော်များ ယဉ်ကျေးမှုမြတ်နိုးသူများလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံကျော် အနုပညာရှင်များမှ တေးဂီတဖြင့်ဖျော်ဖြေခြင်း အစီအစဉ်များလည်းပါဝင်သလို နာမည်ကြီး DJ ဖြင့်လည်း ပါဝင်ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
