ရိုးရာလက်ဝှေ့ကျော် သံမဏိ စိုးလင်းဦးအနေဖြင့် ယနေ့ ဒီဇင်ဘာ (၃) ရက်တွင် ဆေးရုံမှ
ဆင်းခွင့်ရရှိပြီဖြစ်ကြောင်း ၎င်း၏ ဒို့ရိုးရာလက်ဝှေ့ကလပ် လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးပြောကြားထားသည်။
“ဒီနေ့မှာပဲ ကျွန်တော်ဆေးရုံက ဆင်းပြီပေါ့နော်။ ကျွန်တော်ဘာမှ မဖြစ်တော့ပါဘူး။ ကျွန်တော်ကို အားပေးနေတဲ့ ကျွန်တော့် ညီအစ်ကိုမောင်နှမ ကျွန်တော့်ပရိတ်သတ်ကို ကျေးဇူးတင်တယ်။ လာမယ့်ပွဲတွေအတွက် အကောင်းဆုံးကစားမယ် ” ဟု ၎င်းက ပြောကြားထားသည်။
စိုးလင်းဦးအနေဖြင့် ပြင်ပထိခိုက်ဒဏ်ရာများသာရှိသဖြင့် ဆရာဝန်ခွင့်ပြုချက်ရပါက ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီ (၂၄)ရက်တွင် ကျင်းပပြုလုပ်မည့် ONE Friday Fights 170 ပွဲစဉ်၌ မွေထိုင်းဖိုက်တာ ဆက်ဆန်နှင့် ပြန်လည်ထိုးသ-တ်ရန် (၇၀) ရာခိုင်နှုန်း ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။
ပြိုင်ဘက် မွေထိုင်းဖိုက်တာ ဆက်ဆန်ကလည်း စိုးလင်းဦး ၏ ယာဉ်မတော်တဆဖြစ်ပွားမှုအပေါ် စိတ်မကောင်းဖြစ်ရကြောင်းနှင့် အမြန်ဆုံးသက်သာပျောက်ကင်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းထားပြီး ပွဲစဉ်အတွက် ONE က စီစဉ်ပေးမည့် ပြိုင်ဘက်ကို စောင့်ရမည်ဖြစ်ကြောင်း ပြောကြားထားသည်။
ရိုးရာဖိုက်တာ စိုးလင်းဦးသည် နိုဝင်ဘာ (၃၀) ရက် ညနေပိုင်းအချိန်က ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားကာ ဆေးရုံတက်ကုသမှုခံယူနေရခြင်းဖြစ်သည်။
ရိုးရာဖိုက်တာသံမဏိ စိုးလင်းဦးအနေ ဖြင့်လည်း ONE ၏ ပွဲစဉ်တလျှောက် (၄)ပွဲထိုး (၃)ပွဲနိုင် (၁)ပွဲရှုံး ရလဒ်ထွက်ပေါ်ထားကာ ONE ဘက်က ပြီးခဲ့သည့် ဇူလိုင် (၂၂)ရက်တွင် ဒေါ်လာတစ်သိန်းတန်စာချုပ်အား ချုပ်ဆိုထားပြီးနောက် ဆက်တိုက် ပွဲထွက်ခွင့်ရနေခြင်းဖြစ် သည်။
