ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်ရောင်းချပေးခဲ့သည့် ဒဂုံ(ဆိပ်ကမ်း)မြို့နယ် ရိုးမရိပ်သာအိမ်ရာတွင် အခန်းဝယ်ယူခွင့်မဲပေါက်ထားသူများအား အခန်းဝယ်ယူခွင့် အကြောင်းကြားစာများ ထုတ်ပေးမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အခန်းဝယ်ယူခွင့်အနေဖြင့် အဆောက်အအုံအမျိုးအစား ရှစ်ခန်းတွဲ လေးထပ်တိုက်အမှတ် (၁၉၊ ၂၀၊ ၂၂၊ ၂၄) ကို ဩဂုတ် လ ၁၂ ရက်နှင့် ၁၃ ရက်၊ အဆောက်အအုံအမျိုးအစား ၁၂ ခန်းတွဲ လေးထပ်တိုက်အမှတ် (၃၈၊ ၃၉၊ ၄၀) ကို သြဂုတ်လ ၁၂ ရက်၊ တိုက်အမှတ် (၄၁၊ ၄၄၊ ၄၅၊ ၄၉၊ ၅၀) ကို သြဂုတ်လ ၁၄ ရက်၊ တိုက်အမှတ် (၄၆၊ ၄၇) ကို သြဂုတ်လ ၁၄ ရက်၊ အဆောက်အအုံအမျိုးအစား ခြောက်ခန်းတွဲ လေးထပ်တိုက်အမှတ် (၅၆၊ ၅၇၊ ၅၈၊ ၅၉)ကို ဩဂုတ်လ ၁၂ ရက်၊ တိုက်အမှတ် (၆ဝ၊ ၆၁၊ ၆၂၊ ၆၄)ကို ဩဂုတ်လ ၁၃ ရက်၊ တိုက်အမှတ် (၆၅၊ ၆၆၊ ၆၇)ကို ဩဂုတ်လ ၁၄ ရက်တို့တွင် အကြောင်းကြားစာ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ထုတ်ပေးခြင်းကို မြို့ပြ နှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန အမှတ် (၃) City Gallery 3 ဗိုလ်ချုပ်အောင်ဆန်းလမ်း ဗိုလ်တထောင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး၌ နံနက် ၁ဝ နာရီမှ ညနေ ၃ နာရီ အထိ ဆောင်ရွက်ပေးမည်ဖြစ်သည်။
အခန်းဝယ်ယူခွင့်အကြောင်းကြားစာကို ကိုယ်တိုင် ထုတ်ယူမည်ဆိုပါက နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူတစ်စုံပါရှိရမည်ဖြစ်ပြီး ကိုယ်စား ထုတ်ယူမည်ဆိုပါက အခန်းဝယ်ယူခွင့်ရရှိသူ၏ ကိုယ်စားလှယ်လွှဲစာ၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူတစ်စုံနှင့်အတူ ကိုယ်စားလာရောက်သူ၏ နိုင်ငံသား စိစစ်ရေးကတ်မူရင်း၊ မိတ္တူ၊ အိမ်ထောင်စု စာရင်းမိတ္တူတစ်စုံပါရှိရမည်ဖြစ်သည်။
သတ်မှတ်ရက်အတွင်း အခန်းဝယ်ယူခွင့် အကြောင်းကြားစာများကို ဩဂုတ်လ ၂၅ ရက်နောက်ဆုံးထား၍ လာရောက်ထုတ်ယူရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ထုတ်ယူခြင်းမပြုပါက အခန်းဝယ်ယူခွင့်ကို ပယ်ဖျက်မည် ဖြစ်ကြောင်း အသိပေးထားသည်။
