ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ သစ်ပင်အား ဝင်ရောက်တိုက်မိရာမှ ယာဉ်ပေါ်ပါသူများအနက် အမျိုးသမီး (၁)ဦးနှင့် ကလေးငယ် (၁)ဦးတို့ ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။
ယနေ့ ဖေဖော်ဝါရီ (၉) ရက်၊ နေ့လယ် (၂)နာရီခွဲအချိန်ခန့်က ရန်ကုန် -မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၀/၄) နှင့် (၇၀/၅)အကြားတွင် SUZUKI ERTIGA အနက်ရောင်ယာဉ်မှာ မောင်းနှင်နေစဉ် နောက်ဘီးတာယာပွင့်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ သစ်ပင်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဥသျှစ်ကုန်း အမြန်လမ်း မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကူညီခဲ့ရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၁)ဦး၊ အမျိုးသမီး (၃)ဦး၊ ကလေးငယ် (၂) ဦး စုစုပေါင်း (၆)ဦးအနက် အမျိုးသမီး(၁)ဦးနှင့် ကလေးငယ် (၁)ဦးတို့ ထိခိုက်ဒဏ် ရာ(စိုးရိမ်ရ)ရရှိခဲ့ပြီး ကျန် (၄) ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) တို့အား ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မြို့ချောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
