ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် စက်တင်ဘာ ၈ ရက်(ယနေ့)နေ့လည်ပိုင်းက “ရွှေမန်းသူ”အဝေးပြေးခရီးသည်တင်(Express)ကားတိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ယနေ့နေ့လည် ၁ နာရီခွဲခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအတိုင်း နေပြည်တော်ဘက်သို့မောင်းနှင်လာသည့် “ရွှေမန်းသူ”အဝေးပြေးခရီးသည်တင်(Express)ကားသည် မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၉၂ အရောက်တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ တိမ်းမှောက်ခဲ့သဖြင့် ကားပေါ်တွင်လိုက်ပါလာသည့် ခရီးသည်အမျိုးသမီးတစ်ဦးမှာထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး ခရီးသည် အမျိုးသား၊အမျိုးသမီး ၇ ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်အား မြို့ချောင်းအမြန်လမ်းမီးသတ်စခန်း၊မြို့ချောင်းအမြန်လမ်းရဲစခန်းတို့မှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြပြီး သေဆုံးသူ၏ ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရသူများအား မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။



