ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ယခုဘဏ္ဍာနှစ် မတိုင်ခင်အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာ၀တီတိုင်းဒေသကြီး၊လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးရန်နိုင်ဇော်က ပေါ်ပြူလာနယူစ်းသို့ ပြောပြခဲ့သည်။
ရန်ကုန်-ပုသိမ်လမ်းပိုင်းသည် ရန်ကုန်တိုင်းနှင့်ဧရာ၀တီတိုင်းအစပ်ဖြစ်သည့် မိုင်တိုင် ၁၇/၄ မှ ၁၁၃မိုင် ၂ ဖာလုံ ပုသိမ်အထိ ၉၅ မိုင် ၆ ဖာလုံ ရှည်လျားပြီး မိုင်တိုင် ၁၇/၄ မှ မိုင်တိုင် ၅၆/၀ အထိ အပိုင်းအား Oriental Highways Co.,Ltd က BOT စနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
ဗိုလ်မြတ်ထွန်းတံတားမှ မိုင်တိုင် ၅၆/၀ အထိကို Oriental Highways Co.,Ltd က လမ်းအဆင့်မြှင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
“အဲဒီအပိုင်းမှာဆိုရင် Oriental Highways Co.,Ltd က သူတို့တာဝန်ယူထားတဲ့အပိုင်းမှာ လက်ရှိမှာ လမ်းပြင်ခင်းတဲ့အလုပ်တွေလုပ်နေပါတယ်။ ပြီးတော့ လမ်းချဲ့တာတွေလုပ်နေတယ်။ ဒီဘဏ္ဍာနှစ်ရဲ့အစီအစဉ်အနေနဲ့ကတော့ ဗိုလ်မြတ်ထွန်းတံတားကနေ မိုင်တိုင် ၅၆ ကြားမှာ သူတို့တာဝန်ယူထားတာ ၁၅ မိုင်လောက်ရှိတယ်၊ ၁၅ မိုင်အတွင်းမှာ ၃ မိုင်လောက်တော့ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ဖို့ ဒီနှစ်မှာ သူတို့ plan ရှိထားပါတယ်။ အဲဒီဟာကို အခုလုပ်နေကြပါပြီ။ မတ်လကုန်လောက်ဆိုရင်တော့ အဲ့ဒီအပိုင်းမှာ ကွန်ကရစ်ဖြစ်သွားမယ်ပေါ့” ဟု ဧရာ၀တီတိုင်းဒေသကြီး၊ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးရန်နိုင်ဇော်က ပေါ်ပြူလာနယူစ်းသို့ ပြောပြခဲ့သည်။
မိုင်တိုင် ၅၆ မှ မိုင်တိုင် ၁၁၃/၂ အထိကို လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။ ၅၆/၀ မိုင်မှ ကျောင်းကုန်နှင့်ပန်းတနော်မြို့နယ် နယ်စပ်ဖြစ်သည့် မိုင်တိုင် ၆၃/၀ အတွင်းတွင် ၆ မိုင်ခန့်ကို အကျယ်ပေ ၃၀ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်နေကြောင်းနှင့် လက်ရှိမှာ မြေသားတာပေါင်ချဲ့ခြင်းလုပ်ငန်း လုံးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
“အောက်ခြေအမာခံမြေသားပြုပြင်ဆောင်ရွက်တဲ့လုပ်ငန်းက ၆ မိုင်ဆောင်ရွက်ဖို့ရှိတဲ့နေရာမှာ ၄ မိုင်ခွဲလောက် ဆောင်ရွက်လို့ပြီးသွားပါပြီ။ အပေါ်က ကွန်ကရစ်မတင်ခင်မှာ လမ်းကို ၂၄ ပေလမ်းကို ပေ ၃၀ ဖြစ်အောင် ကွန်ကရစ်နဲ့လမ်းချဲ့တဲ့ဟာကိုတော့ ၆ မိုင်မှာ ၂ မိုင်ခွဲလောက်ဆောင်ရွက်ပြီးသွားပါပြီ။ အဲဒီပြီးတဲ့အခါ အကျယ်ပေ ၃၀ ကွန်ကရစ်ခင်းတဲ့လုပ်ငန်းကို ဖေဖော်ဝါရီလထဲမှာ စတင်ဆောင်ရွက်ဖို့ တွန်းအားပေးဆောင်ရွက်လျက်ရှိပါတယ်။ အဲဒါကလည်း မတ်လကုန်မှာ ပေ ၃၀ အကျယ်ရှိတဲ့ ကွန်ကရစ်လမ်းဖြစ်သွားမှာပါ “”ညွှန်ကြားရေးမှူးဦးရန်နိုင်ဇော်က ပေါ်ပြူလာနယူစ်းသို့ ပြောပြခဲ့သည်။
‘’မိုင်တိုင် ၇၄ နဲ့ မိုင်တိုင် ၁၁၃/၂ ကြားမှာ ကတ္တရာထပ်ပိုးလွှာခင်းမယ်၊ လမ်းချဲ့မယ်အဲ့ဒါတွေလုပ်နေတာရှိတယ်။ ကတ္တရာထပ်ပိုးလွှာခင်းမယ်။ စုစုပေါင်းက ၅ မိုင်ခင်းရမှာ၊ အခု ၄ မိုင်နဲ့ ၃ ဖာလုံဆောင်ရွက်ပြီးသွားပြီ။ မူလက အကျယ် ၁၈ ပေသာရှိသည့် ကတ္တရာလမ်းကို အကျယ် ၂၄ သို့ တိုးချဲ့ခြင်းလုပ်ငန်းကို ၄ ဒသမ ၅ ဖာလုံချဲ့ရမှာ။ ၃ ဖာလုံပြီးသွားပြီ။ အဲဒါက ဒါးကမြို့နှင့် ကန်ကြီးထောင့်ကြား၊ မိုင်တိုင်ဆိုရင် မိုင်တိုင် ၉၃၊ ၉၄ လောက်မှာဖြစ်ပါတယ်။ နောက်ပြီးတော့ ပုသိမ်မြို့ အဝင် မိုင်တိုင် ၁၀၅/၅ မှာ (၃) ဖါလုံ အရှည် ပေ (၃၀) အကျယ် ကွန်ကရစ် ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးပြီး လက်ရှိမှာ အမာခံ လမ်းပုခုံး လုပ်ငန်းများဆောင်ရွက်နေပါတယ်”” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ပုသိမ်နှင့် ငွေဆောင်အကြား လတ်တလောတွင် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများမရှိသေးသော်လည်း လမ်းထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
