ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ဥပဒေပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်းနှင့် မူပိုင်ခွင့်ဥပဒေ ဒီပလိုမာသင်တန်းတို့ကို ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်မည်ဖြစ်သဖြင့် စိတ်ပါဝင်စားသူများ အွန်လိုင်းမှတဆင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
ဖွင့်လှစ်မည့်သင်တန်း (၂) ခုမှာ ဥပဒေပညာ ဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in Law – PGDL) သင်တန်း၊ မူပိုင်ခွင့်ဥပဒေ ဒီပလိုမာ (Diploma in Intellectual Property Law – DIPL) သင်တန်းဖြစ်ပြီး PGDL သင်တန်းကို ဥပဒေဘွဲ့မှအပ အခြားဘွဲ့တစ်ခုခု ရရှိပြီးသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။
DIPL နှင့် PGDLသင်တန်းကာလမှာ (၁) နှစ်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၁၇) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်သည်။
သင်ကြားမည့်ပုံစံမှာ Blended Learning ဖြစ်၍ အွန်လိုင်းသင်ခန်းစာများဖြင့် သင်ကြားရမည်ဖြစ်ပြီး အခါအားလျော်စွာ ကျောင်းသို့ သွားရောက်တက်ရမည်ဖြစ်ကြောင်း ၊ သင်တန်းဝင်ခွင့်ကို လာမည့် နိုဝင်ဘာ (၂၄) ရက်နေ့၊ နံနက် (၉) နာရီမှ စပြီး အွန်လိုင်း မှတဆင့် အချက်အလက်ပြည့်စုံစွာ ဖြည့်စွက်ပြီး လျှောက်ထားနိုင်သည်ဟုဆိုသည်။
သင်တန်းသားဦးရေ ကန့်သတ်ထားသဖြင့် သတ်မှတ်ဦးရေ ပြည့်ပါက ဝင်ခွင့်လျှောက်လွှာပိတ်မည်ဖြစ်သည်။
အွန်လိုင်းဝင်ခွင့်အောင်မြင်ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများအား ဝင်ခွင့်ရရှိကြောင်း အီးမေးလ်ဖြင့် အကြောင်းကြားမည်ဖြစ်ကာ ဝင်ခွင့်ရရှိသူများသည် ဒီဇင်ဘာ (၈) ရက်နေ့မှ (၁၂) ရက်နေ့အထိ ရုံးဖွင့်ရက် ရုံးချိန်အတွင်း ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ကျောင်းအပ်နှံ၍ User Name နှင့် Password ကို အီးမေးလ်မှတဆင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
DIPL သင်တန်းကို စီးပွားရေးကဏ္ဍတွင် အရေးပါသော မူပိုင်ခွင့်နှင့် ပတ်သက်၍ အကျိုးခံစားခွင့်များ၊ ဥပဒေအရ အကာအကွယ်များအား သိရှိနားလည်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ပြီး အဆိုပါသင်တန်းကို တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ တက်ရောက်နိုင်ကြောင်း သိရသည်။
