ရန်ကုန်တိုင်းအတွင်းသို့ ယာယီနေရပ်စွန့်ခွာ ရောက်ရှိလာသည့် ပြည်သူများအနေဖြင့် လက်ရှိနေရပ်မှ ပြန်လည်ထွက်ခွာမည်ဆိုပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံ သတင်းပေးပို့ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းကပြောကြားသည်။
ရန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်များတွင် ရောက်ရှိနေသည့် ပြည်သူများအား အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သည့် ထောက်ပံ့ငွေပေးအပ်ပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး / ပြည်နယ်များတွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် လူ (၁) ဦးလျှင် တစ်လငွေကျပ် (၂ဝ,ဝဝဝိ/-) နှုန်းဖြင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ပေးအပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက ပြောသည်။
ထိုကဲ့သို့ ပေးအပ်ရာတွင် ပထမအကြိမ်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁) လစာအား ဖေဖော်ဝါရီလတွင်လည်းကောင်း၊ ဒုတိယအကြိမ် ဖေဖော်ဝါရီလနှင့် မတ်လ (၂) လ စာအား ဧပြီလတွင်လည်းကောင်း၊ တတိယအကြိမ် ဧပြီလ၊ မေလနှင့် ဇွန်လ (၃) လစာအား ဇူလိုင်လတွင်လည်းကောင်း၊ စတုတ္ထအကြိမ် ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလ (၃) လစာအား အောက်တိုဘာလတွင်လည်းကောင်း၊ ပဉ္စမအကြိ မ် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ (၃) လစာအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင်လည်းကောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပေးအပ်မှုများကို အမှန်တကယ် ယာယီနေရပ်စွန့်ခွာသူများထံ လက်ဝယ် မှန်ကန်မြန်ဆန်စွာ ရောက်စေရေးနှင့် တိုင်းဒေသကြီးအတွင်း ယာယီနေရပ်စွန့်ခွာ ရောက်ရှိလာသူများအနေဖြင့် စာရင်းမှန်ကန်မှုရှိစေရေး လက်ရှိနေရပ်မှ ပြန်လည်ထွက်ခွာမည်ဆိုပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံ သတင်းပို့ကြရန် ၎င်းကဆက်လက် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ဖေဖော်ဝါရီ (၅) ရက်အထိ ကောက်ခံရရှိသော စာရင်းအရ ယာယီနေရပ်စွန့်ခွာ၍ လာရောက်နေထိုင်သူ အိမ်ထောင်စု (၁၄,၅ ၂၉) စုနှင့် လူဦးရေ (၄၆,၃၅၁) ဦးတို့အား ဇန်နဝါရီလအတွက် တစ်ဦးလျှင် ငွေကျပ် (၂၀,၀၀၀) နှုန်းဖြင့် ငွေကျပ် (၉၂၇ ဒဿမ ၀၂) သန်းအား ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
