ရန်ကုန်တိုင်း၌ မနက်ဖြန် စက်တင်ဘာ ၈ ရက်နံနက်ပိုင်းအထိ နေရာကွက်၍မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ စက်တင်ဘာ ၇ ရက်ညနေ ၄ နာရီတွင် အသိပေးထုတ်ပြန်ခဲ့သည်။
ရန်ကုန်တိုင်းနည်းတူ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင်လည်း နေရာကွက်၍မိုးကြီးနိုင်ကာ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကယားပြည် နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ ကျန်တိုင်းနှင့် ပြည် နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာသွန်းနိုင် သည်ဟုလည်း အသိပေးထုတ်ပြန်ခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူး တိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တန င်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိသည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။
ယင်း မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုကြရန်လည်း မိုးဇလက အသိပေးထုတ်ပြန်ခဲ့သည်။
ယနေ့ စက်တင်ဘာ ၇ ရက်ညနေပိုင်းကလည်း ရန်ကုန်မြို့ရှိ နေရာအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းများပေါ်သို့ရေများတက်လာသဖြင့် လမ်း ပိတ်ဆို့ကာသွားလာမှုများကြန့်ကြာခဲ့ရသည်။
