ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြန်လည်သိမ်းဆည်းထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ခွင့် လျှောက်ထားနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အမှတ် (၁) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးနိုင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြန်လည်သိမ်းဆည်းထားသော စိုက်ပျိုးမွေးမြူရေး မြေနေရာများအား အမှန်တကယ် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်လိုသူများအတွက် တရားဝင် လျှောက်ထားစေရေး စိုက်ပျိုးမွေးမြူခွင့်ပြုနိုင်ရေး အစီအစဉ် ရှိ မရှိကို မေးမြန်းခဲ့သည်။
မေးမြန်းချက်အရ ” ရန်ကုန်တိုင်းဒေသကြီးဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ စီးပွားရေးမြို့တော်ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာ စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေတဲ့ နိုင်ငံဖြစ်တဲ့အလျောက် ရန်ကုန်တိုင်းဒေသကြီးသည်လည်း စိုက်ပျိုးမွေးမြူရေးကို အခြေခံ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြိုးပမ်းနေတဲ့ တိုင်းဒေသကြီးဖြစ်ကြောင်း သိရှိရပါတယ်ခင်ဗျာ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြေလွတ် မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ၃ ရက် ၄ လ ၂၀၂၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၆ ဖြင့် မြေလွတ် မြေလပ်နှင့် မြေရိုင်းများ ပြန်လည်သိမ်းဆည်းခြင်းကို အမိန့်ထုတ်ပြန်၍ လေးနှစ်အတွင်း သတ်မှတ်လုပ်ငန်းများ မလုပ်ကိုင်သော မြေနေရာများအား လုပ်ကိုင်ခွင့် ပြန်လည်ရုပ်သိမ်းကြောင်း အမိန့်ကြော်ငြာစာမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ သတ်မှတ်စိုက်ပျိုးမွေးမြူခြင်းမရှိသော မြေနေရာအချို့လည်း ပါဝင်နေကြောင်း တွေ့ရှိရပါတယ်ခင်ဗျာ။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌကြီးမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ မေးမြန်းလိုသည်မှာ (က) လေးနှစ်အတွင်း လုပ်ကိုင်ခြင်းမရှိသည့် မြေနေရာများအား ပြန်လည်ရုပ်သိမ်းကြောင်း အမိန့်ကြော်ငြာစာပါ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြန်လည်သိမ်းဆည်းထားသော မြေနေရာများတွင် အမှန်တစ်ကယ် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်လိုသူများအတွက် တရားဝင်လျှောက်ထားစေ၍ သတ်မှတ်နည်းလမ်းများအတိုင်း လုပ်ကိုင်ခွင့်ပြုရန် အစီအစဉ်ရှိ မရှိကို မေးမြန်းလိုပါတယ်ခင်ဗျာ။ (ခ) အစီအစဉ်ရှိပါက မည်သည့်ဌာနတွင် လျှောက်ထားရန်နှင့် အစိုးရထံသို့ မည်၍ မည်မျှ သတ်မှတ်ခွန်ပေးသွင်းရမည်ကို သိရှိလိုပါတယ် ” ဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်က ပြန်လည်ဖြေကြားရာတွင် ဗဟိုကော်မတီ၏ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်စွဲပါ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တောင်သူ ၁၇ ဦး၏ မြေလွတ်မြေရိုင်း ဧက ၄၃၉ ကျော်ကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ မလုပ်ကိုင်သည့်အတွက် ပြန်လည်သိမ်းဆည်းခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ၂၀၁၈ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေးနည်းဥပဒေများအရ လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့် လျှောက်ထားနိုင်ကြောင်းလည်း ရှင်းလင်းခဲ့သည်။
လျှောက်ထားမှုလုပ်ငန်းစဉ်အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ဧက ၃၀၀ အထက်ဖြစ်ပါက ပြည်ထောင်စုအဆင့် ဗဟိုကော်မတီသို့ လျှောက်ထားရမည်ဖြစ်ပြီး ဧက ၃၀၀ အောက်ဖြစ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေးကော်မတီသို့ လျှောက်ထားနိုင်ကြောင်း သိရသည်။
အလားတူ မွေးမြူရေးလုပ်ငန်းများအတွက် ဧက ၅၀ အထက်ဖြစ်ပါက ဗဟိုကော်မတီသို့ လျှောက်ထားရမည်ဖြစ်ပြီး ဧက ၅၀ အောက်ဖြစ်ပါက တိုင်းဒေသကြီးအဆင့် ကော်မတီသို့ လျှောက်ထားနိုင်ကြောင်းလည်း ထည့်သွင်းရှင်းလင်းခဲ့သည်။
လျှောက်ထားလိုသူများသည် သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနသို့ ပထမဦးစွာ သွားရောက်၍ လျှောက်ထားလိုသည့် မြေဧရိယာ၊ စိုက်ပျိုးမည့်သီးနှံအမျိုးအစားများကို ဖော်ပြကာ သတ်မှတ်လျှောက်လွှာပုံစံဖြင့် တင်ပြရမည်ဖြစ်ပြီး သက်ဆိုင်ရာကော်မတီများထံ ဆက်လက်တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အဆိုပါလုပ်ငန်းများကို နိုင်ငံသားမည်သူမဆို လျှောက်ထားနိုင်ကြောင်းလည်း ဝန်ကြီးက ထပ်မံပြောကြားခဲ့သည်။
