ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိနေသည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် UEC က လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်လျက်ရှိရာ ဒေသအသီးသီး၌ ရွေးကောက်ပွဲကျင်းပစဉ်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံးပြုပုံနှင့် ပတ်သက်၍ သင်တန်းပေးခြင်းများ ဆောင်ရွက်နေသည်ကိုလည်း တွေ့ရသည်။
ထို့ပြင် သက်ဆိုင်ရာတိုင်းဒေသကြီးအလိုက် အစိုးရအဖွဲ့များနှင့် UEC တာဝန်ရှိသူများ တွေ့ဆုံကာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိသည်ကိုလည်း တွေ့ရသည်။
ထိုသို့တွေ့ဆုံလျက်ရှိရာတွင် ဩဂုတ်လ (၈) ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတွေ့ဆုံခဲ့ကြသေးကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၄) တွင် လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ထိုသို့လက်ခံတွေ့ဆုံစဉ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင်ကျင်းပနိုင်ရေး လိုအပ်သည့်အပိုင်းများ၌ ကူညီဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များကလည်း ဆောင်ရွက်နေသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
