နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် ပြည်သူများ သက်သောင့်သက်သာ၊ ဘေးကင်းလုံခြုံပြီး စျေးနှုန်းသင့်တင့်စွာ သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားက အဆင့်မြင့်ရထားတွဲဆိုင်းအသစ်များဖြင့် ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
သို့သော် အချို့သော ခရီးသည်များ၏ စည်းကမ်းမဲ့ ပြုမူဆောင်ရွက်မှုများကြောင့် အခြားရထားစီးခရီးသည်များ စိတ်အနှောင့်အယှက်ဖြစ်ရသည့်အတွက် ရထားစီးခရီးသည်များ လိုက်နာသင့်သည့် စည်းကမ်းချက်များကို မြန်မာ့မီးရထားက မေတ္တာရပ်ခံ အသိပေးထားသည်။
ရထားစီးခရီးသည်များအနေဖြင့် ရထားအတွင်း သန့်ရှင်းမှုကို ထိန်းသိမ်းရန် ကွမ်းတံတွေးမထွေးရန်၊ အခြားခရီးသည်များ သန့်ရှင်းစွာ အသုံးပြုနိုင်စေရေးအတွက် ထိုင်ခုံပေါ်သို့ ခြေထောက်တင်ခြင်း မပြုရန်၊ ဆူညံသံများဖြင့် အနှောင့်အယှက်မဖြစ်စေရေးအတွက် ဖုန်းပြောဆိုခြင်း၊ သီချင်းဖွင့်ခြင်းနှင့် စကားပြောဆိုခြင်းတို့ကို သင့်လျော်စွာ ပြုလုပ်ကြရန် တိုက်တွန်းထားသည်။
ထို့ပြင် အမှိုက်များကို ရထားအတွင်း စွန့်ပစ်ခြင်းမပြုဘဲ သတ်မှတ်ထားသည့် အမှိုက်ပုံးများတွင်သာ စနစ်တကျ စွန့်ပစ်ကြရန်နှင့် ရထားစီးနင်းရာတွင် သန့်ရှင်းရေးနှင့် စည်းကမ်းကို အလေးထားလိုက်နာပေးကြရန် မြန်မာ့မီးရထားက မေတ္တာရပ်ခံ အသိပေးထားကြောင်း သိရသည်။
