ရခိုင်ပြည်နယ်အတွင်းရှိ ကလေး သူငယ် ကာကွယ်စောင့်ရှောက်ရေး၊ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများကို သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း ကူညီနိုင်ရေး ပူးပေါင်းပါဝင်လုပ်ဆောင်နေကြောင်း ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောသည်။
ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ (UNICEF)မှ ရခိုင် ပြည်နယ်တာဝန်ခံ Ms. Juliet Akello အား စက်တင်ဘာ (၇) ရက် နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေမှု၊ ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု၊ သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများအတိုင်း ကူညီဆောင်ရွက်နိုင်ရေး၊ ပွင့်လင်းမြင်သာစွာဆောင်ရွက်နိုင်ရေး၊ မျှတစွာကူညီဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေပါတယ်”ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောသည်။
ထို့အပြင် ရေနှင့် သန့်ရှင်းရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေမှု၊ ခရီးသွားလာခွင့်ကိစ္စများကို ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) မှ ရခိုင်ပြည်နယ်တာဝန်ခံ Ms. Juliet Akello နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြသည်
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
