အမေရိကဆန့်ကျင်ရေး မူဝါဒများကို လက်ခံသော ဘရစ်နိုင်ငံများကို အခွန် ၁၀ ရာခိုင်နှုန်း ထပ်ဆောင်းကောက်ခံမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
“ဘရစ် ရဲ့ အမေရိကဆန့်ကျင်ရေး မူဝါဒတွေအတိုင်း တသွေမတိမ်းလျှောက်တဲ့ ဘယ်နိုင်ငံမဆို ထပ်ဆောင်းအခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံပါမယ်။ ဒီမူဝါဒမှာ ခြွင်းချက်ရှိမှာ မဟုတ်ပါဘူး။ ဒီကိစ္စကို အာရုံစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု ထရုဆိုရှယ်မီဒီယာပေါ်တင်ခဲ့သောပို့စ်တွင် ထရမ့်ပ်က ပြောဆိုထားသည်။
၎င်း၏ ပို့စ်တွင် ရည်ညွှန်းထားသော အမေရိကဆန့်ကျင်ရေးမူဝါဒများ ဆိုသည်နှင့် ပတ်သက်၍မူ ထရမ့်ပ်က အကျယ်တဝင့် ရှင်းလင်းဖော်ပြခဲ့ခြင်း မရှိပေ။
မူလ ဘရစ်အဖွဲ့တွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ပါဝင်ပြီး ၎င်းတို့၏ ပထမဆုံး ထိပ်သီးအစည်းအဝေးကို ၂၀၀၉ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် တောင်အာဖရိကနိုင်ငံကို အဖွဲ့ဝင်အဖြစ် ထပ်မံလက်ခံခဲ့ကာ ပြီးခဲ့သည့်နှစ်တွင်မူ အီဂျစ်၊ အီသီယိုပီးယား၊ အင်ဒိုနီးရှား၊ အီရန်၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးတို့ သည် အဖွဲ့သို့ ထပ်မံပူးပေါင်းပါဝင်လာခဲ့သည်။
Ref: ယူအက်စ်နူးစ်
