အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းပဋိပက္ခငြိမ်းချမ်းရေးဖြေရှင်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန် သူ၏ကိုယ်ပိုင်အချိန်သတ်မှတ်ချက်(deadline)ထားရှိကြောင်း ပြောကြားခဲ့သော်လည်း ၎င်းကို အတိအကျဖော်ပြခဲ့ခြင်းမရှိပါ။
“ကျွန်တော့်မှာ ကိုယ်ပိုင် အချိန်သတ်မှတ်ချက်ရှိပါတယ်။ ဒီဆွေးနွေးမှုတွေကို မြန်မြန်ဆန်ဆန်ပြီးစီးစေချင်တယ်။ (…) ဒါကြောင့် ကျွန်တော်တို့မှာ အချိန်သတ်မှတ်ချက်ရှိပြီး၊ အဲဒီအချိန်သတ်မှတ်ချက်ကျော်သွားရင် ကျွန်တော်တို့ရဲ့ခံယူချက်က အရမ်းကွဲပြားသွားမယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ အခွင့်အလမ်းကောင်းတွေရှိတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု သမ္မတထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ သို့သော် သူဆိုလိုသည့် အချိန်ကာလကို ရှင်းလင်းစွာ ဖော်ပြခဲ့ခြင်းမရှိချေ။
“ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံလုံးက ငြိမ်းချမ်းရေးကို လိုလားတယ်လို့ ကျွန်တော်တို့ယူဆပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲမှာ သူတို့ပါဝင်ဖို့လိုတယ်။ ကျွန်တော်တို့ အချိန်အတော်ကြာ စောင့်နေပြီ။ ဆွေးနွေးပွဲစားပွဲမှာ သူတို့ထိုင်ဖို့လိုတယ်။ အဲဒီတော့မှ ငြိမ်းချမ်းရေးရမယ်လို့ ယုံကြည်ပါတယ်” ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။
