ယနေ့တွင် ပြုလုပ်ရန် စီစဉ်ထားသော အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုများကို ပါရှန်ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံများ၏ တောင်းဆိုမှုကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း ဒေါ်နယ်ထရမ့်ကပြောကြားသည်။ မဟာမိတ်ခေါင်းဆောင်များက သံတမန်နည်းလမ်းအရ ဆွေးနွေးအဖြေရှာရန် အချိန်ပိုပေးရန် တောင်းဆိုခဲ့ကြကြောင်း သူကဆိုသည်။
ဆော်ဒီအာရေဗျ၊ ကာတာနှင့် ယူအေအီး (အာရပ်စော်ဘွားများပြည်ထောင်စု) နိုင်ငံတို့မှ ခေါင်းဆောင်များက “အလေးအနက်ထား ဆွေးနွေးညှိနှိုင်းမှုများ လက်ရှိတွင် ဖြစ်ပေါ်နေသောကြောင့် မနက်ဖြန်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ဆိုင်းငံ့ထားရန်” တောင်းဆိုခဲ့ကြကြောင်း ထရမ့်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
သမ္မတ ထရမ့်သည် အီရန်အပေါ် စစ်ရေးအရ ထပ်မံတိုက်ခိုက်မည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့သော်လည်း လက်တွေ့တွင် တစ်ကြိမ်မျှအကောင်အထည်ဖော်ခြင်း မရှိသေးပေ။ ဆွေးနွေးပွဲများ ပြန်လည်စတင်နေပြီဆိုခြင်းနှင့် ပတ်သက်၍ အီရန်အစိုးရဘက်မှ ချက်ချင်း အတည်ပြုချက် ထွက်ပေါ်လာခြင်း မရှိသေးပါ။ ထရမ့်က အကယ်၍ လက်ခံနိုင်လောက်သည့် သဘောတူညီချက်တစ်ခု မရရှိပါက အမေရိကန်အနေဖြင့် တိုက်ခိုက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သော်လည်း နောက်ဆုံးသတ်မှတ်ရက်ကိုမူ ထည့်သွင်းပြောကြားခြင်း မရှိခဲ့ချေ။
ထရမ့်၏ နောက်ဆုံးမှတ်ချက် ထွက်ပေါ်လာပြီးနောက်တွင် ရေနံဈေးနှုန်းသည် ထိုနေ့တွင် တက်ခဲ့သမျှ ပြန်လည်ကျဆင်းသွားခဲ့သည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ငွေတိုက်စာချုပ်ဈေးများလည်း ကျဆင်းသွားခဲ့ပြီး စတော့ရှယ်ယာဈေးကွက်၏ ဆုံးရှုံးမှုများလည်း ပြန်လည်သက်သာလာခဲ့သည်။
