ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က စနေနေ့တွင် ပြောကြားခဲ့သည်။
ဖုန်းပြောဆိုစဥ် မလေးရှား၏ စိုးရိမ်မကင်းဖြစ်မှုများကို အန်ဝါက ဖော်ပြခဲ့ပြီး နှစ်ဖက်စလုံးအနေဖြင့် အစွမ်းကုန်ချုပ်တည်းကြရန်၊ ရန်လိုမှုများကို ရပ်တန့်ရန်နှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ ည ၁၀ နာရီမှစ၍ အင်အားသုံးခြင်း သို့မဟုတ် လက်နက်ကိုင်တပ်များကို စုစည်းချထားခြင်းများအပါအဝင် ပဋိပက္ခကို ပိုမိုဆိုးရွားစေမည့် မည်သည့်စစ်ရေးလှုပ်ရှားမှုမျိုးကိုမျှ မလုပ်ကြရန် တိုက်တွန်းခဲ့သည်။
ပဋိပက္ခဖြေရှင်းရေးနှင့် ငြိမ်းချမ်းရေးကို မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် မလေးရှားလက်နက်ကိုင်တပ်ဖွဲ့များ၏ အကြီးအကဲဦးဆောင်သော မြေပြင်အခြေအနေစောင့်ကြည့်မည့် အာဆီယံစောင့်ကြည့်လေ့လာရေးအဖွဲ့(အေအိုတီ) ကို စေလွှတ်ရန်ကိစ္စကိုလည်း ၎င်းက အဆိုပြုခဲ့သည်။
အမေရိကန်အစိုးရက ပံ့ပိုးသော ဂြိုဟ်တု မှ စောင့်ကြည့် ထိန်းချုပ်မှုကို အသုံးပြု၍ တာဝနများကို ထမ်းဆောင်သွားမည်ဖြစ်သည်။
ဂြိုဟ်တုမှ စောင့်ကြည့် ထိန်းချုပ်မှုနှင့် လေ့လာတွေ့ရှိချက်များ၏ ရလဒ်များကို အေအိုတီက စုဆောင်း၍ ဒီဇင်ဘာလ ၁၆ ရက် အင်္ဂါနေ့တွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အစီရင်ခံတင်ပြသွားမည်ဖြစ်သည်။
အစီရင်ခံစာတွင် တာဝန်ခံမှု၊ ယုံကြည်မှုတည်ဆောက်ခြင်းနှင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းခြင်းနှင့် နှစ်ဖက်စလုံး၏ ရပ်တည်ချက်များအပါအဝင် မြေပြင်အခြေအနေများကို ရှင်းလင်းတင်ပြသွားမည်ဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံသည် ဆွေးနွေးညှိနှိုင်းမှု၊ သည်းခံစိတ်ရှည်မှု၊ အောင်မြင်သောသံခင်းတမန်ခင်းတို့ဖြင့် အာဆီယံမိတ်ဖက်များ၊ နိုင်ငံတကာအသိုက်အဝန်းတို့နှင့်အတူ နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရန် သန္နိဋ္ဌာန်ချထားဆဲဖြစ်ကြောင်း အန်ဝါက ဆက်လက်ပြောကြားခဲ့သည်။
Ref: ခမာတိုင်းမ်စ်
