ယခုနှစ်သည် မြန်မာ့ဘောလုံးလောကအတွက် အမျိုးသမီးပြိုင်ပွဲများမှာ အပေါင်းလက္ခဏာဆောင်သည့် အားပေးမှုများရရှိလာခဲ့သည်ဟု မြန်နာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဆိုသည်။
လက်ရွေးစင်အသင်း၊ အမျိုးသမီးအသင်းမှစ၍ အမျိုးသမီးလိဂ်ပြိုင်ပွဲများ၊ အာရှအဆင့်ကလပ်အသင်းပြိုင်ပွဲများတွင် ပရိသတ်၏အားပေးမှုများမှာ အရင်နှစ်များထက် ပိုမိုမြင့်တက်လာခဲ့ကြောင်း ဆိုထားသည်။
၂၀၂၅ခုနှစ်အတွင်း Myanmar Women League ပြိုင်ပွဲ၏ ဧရာဝတီအက်ဖ်စီနှင့် ရန်ကုန်ယူနိုက်တက်တို့ယှဉ်ပြိုင်ကြသည့်ပွဲစဉ်မှာ အမျိုးသမီးလိဂ်သမိုင်းတလျှောက် အားပေးမှုအမြင့်ဆုံးပွဲတစ်ပွဲဖြစ်လာခဲ့ကြောင်း အဖွဲ့ချုပ်က မှတ်ချက်ပြုထားသည်။
လတ်တလော ကျင်းပနေသည့် AFC Women Champions League ပြိုင်ပွဲ၌ မြန်မာအမျိုးသမီးကလပ် ISPE အသင်းက ဝင်ရောက်ယှဉ်ပြိုင်နေပြီး၊ အုပ်စုအဖွင့်ပွဲစဉ်ဖြစ်သည့် ဆူဝမ်အသင်းနှင့် ပွဲစဉ်တွင် ပရိသတ်အများအပြားအားပေးခဲ့ကြခြင်းကြောင့် ပြိုင်ဘက် ကိုရီယားကလပ် ဆူဝမ်အသင်းနည်းပြချုပ်အပြင် ပြိုင်ပွဲဝင်အသင်းများအားလုံးက ဝမ်းသာဂုဏ်ယူသည်ဟု ထုတ်ဖော်ပြောကြားထားသည်။
ပြီးခဲ့သည့်နှစ် အာရှအမျိုးသမီး ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲများ၌ ပရိသတ် ရာဂဏန်းသာရှိပြီး တစ်ထောင်ကျော်သည့် ပွဲစဉ် ၂ ပွဲသာရှိကြောင်းနှင့် ယခု အုပ်စုအဆင့်အဖွင့်ပွဲတွင် ပရိတ်သတ် ၇,၉၂၄ ဦးရှိခဲ့ကာ အုပ်စုအဆင့်တက်ခွင့်ရခဲ့ပါက ပွဲတိုင်းကွင်းပြည့်ဖြစ်သွားနိုင်သည်ဟု အဖွဲ့ချုပ်က သုံးသပ်ထားသည်။
ထို့ကြောင့် ဆီးဂိမ်းစ်အပါအဝင်၂၀၂၆ ခုနှစ်၌ ကစားရဦးမည့် အာရှအမျိုးသမီး ချန်ပီယံလိဂ်နှင့် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပွဲများအပြင် နိုင်ငံတကာ ဖိတ်ခေါ်ပွဲများတွင်လည်း မြန်မာအမျိုးသမီးအသင်းပရိသတ်များမှာ ဆက်လက်ထိတွေ့ ချစ်ခင်နေကြဦးမည်ဆိုတာ သံသယရှိစရာ မဟုတ်တော့ကြောင်း သုံးသပ်ထားသည်။
