ယူကရိန်းနိုင်ငံအတွက် ရေးဆွဲထားသော နောက်ဆုံးပေါ် ငြိမ်းချမ်းရေးမူကြမ်းသည် ယူကရိန်းနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားများကို ထင်ဟပ်နေသည်ဟု ဂျီနီဗာငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ ယူကရိန်းကိုယ်စားလှယ်အဖွဲ့က အတည်ပြုခဲ့ကြောင်း အိမ်ဖြူတော်က ဆွစ်ဇာလန်တွင် ပြုလုပ်သည့် အစည်းအဝေး၏ မှတ်တမ်းအကျဉ်းချုပ်၌ ဖော်ပြခဲ့သည်။
အဆိုပါမှတ်တမ်းအရ၊ “ယနေ့ တင်ပြသည့် ပြင်ဆင်မှုများနှင့် ရှင်းလင်းချက်များအပေါ် အခြေခံပြီး၊ လက်ရှိမူကြမ်းသည် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားများကို ထင်ဟပ်စေသည်ဟု ယုံကြည်ကြောင်းနှင့် ရေတိုရော၊ ရေရှည်ပါ ယူကရိန်း၏ လုံခြုံရေးကို ကာကွယ်ရန်အတွက် ယုံကြည်စိတ်ချရပြီး အကောင်အထည်ဖော်နိုင်သော စနစ်များကို ပံ့ပိုးပေးထားကြောင်း” ယူကရိန်းကိုယ်စားလှယ်များကထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။
“လုံခြုံရေးအာမခံချက်များ၊ ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အခြေခံအဆောက်အအုံများ ကာကွယ်ရေး၊ ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်နှင့် နိုင်ငံရေး အချုပ်အခြာအာဏာ အပါအဝင် ယူကရိန်း၏ အဓိက စိုးရိမ်ပူပန်မှုအားလုံးကို အစည်းအဝေးအတွင်း စေ့စပ်သေချာစွာ ဖြေရှင်းပေးခဲ့ကြောင်း” ယူကရိန်းကိုယ်စားလှယ်အဖွဲ့က အတည်ပြုခဲ့သည်ဟု ယင်းမှတ်တမ်းတွင် ဆက်လက်ဖော်ပြထားသည်။
အမေရိကန် အရာရှိများအဖွဲ့ဘက်မှလည်း ဤဆွေးနွေးညှိနှိုင်းမှုများသည် “ရေရှည်တည်တံ့သော၊ ဘက်စုံပြည့်စုံသည့် ငြိမ်းချမ်းရေး” ရရှိရန် ရည်ရွယ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့က ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လန်းစကီးက ပဋိပက္ခကို အဆုံးသတ်ရန်အတွက်အဆင့်များ ဆွေးနွေးရန် ယူကရိန်းညှိနှိုင်းရေးအဖွဲ့၊ ဥရောပ မိတ်ဖက်များနှင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့တို့အကြား ဆွစ်ဇာလန်တွင် ဆွေးနွေးပွဲများ စတင်ခဲ့ကြောင်း ကြေညာခဲ့သည်။
ယင်းမတိုင်မီကလည်း ဝါရှင်တန်နှင့် ကိယက်ဗ်တို့၏ ညှိနှိုင်းရေးအဖွဲ့များသည် ယူကရိန်းအတွက် နောက်ဆုံးပေါ် အမေရိကန် ငြိမ်းချမ်းရေးမူကြမ်း၏ နောက်ဆုံးအသေးစိတ်အချက်အလက်များကို သဘောတူညီရန် ဂျီနီဗာတွင် တွေ့ဆုံမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦးကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ဖူးသည်။
