အပစ်အခတ်ရပ်စဲမှုကို ချိုးဖောက်သည်ဟု နှစ်ဖက် အပြန်အလှန်စွပ်စွဲမှုများရှိခဲ့သော ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ အီစတာအပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ဆုံးသွားချိန်တွင် ရုရှားနှင့် ယူကရိန်းတို့အနေဖြင့် “ယခု သီတင်းပတ်တွင် သဘောတူညီချက်တစ်ခု ရရှိလိမ့်မည်” ဟု သူမျှော်လင့်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့သည်။
ရုရှားနှင့် ယူကရိန်းတို့သည် ယခုသီတင်းပတ်တွင် သဘောတူညီချက်ရလိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် ယင်းနောက်တွင် အမေရိကန်ပြည်ထောင်စုသည် အဆိုပါနှစ်နိုင်ငံနှင့်လုပ်ငန်းကြီးစတင်သွားမှာဖြစ်ကြောင်း မစ္စတာထရမ့်ပ်ကသူ၏ ထရုသ် ဆိုရှယ်ပလက်ဖောင်းတွင် ရေးသားခဲ့သည်။
ထိုအတောအတွင်း ရုရှားအနေဖြင့် အရပ်ဖက်အခြေခံအဆောက်အဦများကို တာဝေးပစ်ဒရုန်းများ နှင့် ဒုံးကျည်များ ကို အသုံးပြု၍ တိုက်ခိုက်ခြင်းကို ရက် ၃၀ ကာလ သက်တမ်းတိုးနိုင်သည့်သတ်မှတ်ချက်ဖြင့် အပစ်အခတ်ရပ်စဲရန် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက အဆိုပြုခဲ့သည်။
အကယ်၍ ရုရှားသည် ယင်း အဆိုပြုချက်ကို သဘောမတူခဲ့ပါက လူသားတို့၏ အသက်များ ဆုံးရှုံးပြီး စစ်ပွဲရှည်ကြာစေမည့် အရာများကိုသာ ဆက်လက်လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း သက်သေဖြစ်လိမ့်မည်ဟု သူက ဆက်လက် ပြောကြားခဲ့သည်။
“အနည်းဆုံး ရက်ပေါင်း ၃၀ အထိ ရှည်ကြာနိုင်တဲ့ ငြိမ်းချမ်းရေးနဲ့ စည်းကမ်းသတ်မှတ်ချက်မရှိသော၊ ရိုးသားသော အပစ်အခတ်ရပ်စဲရေးဆီ ဦးတည်သွားဖို့ ကျွန်တော်တို အသင့်ရှိပါတယ်၊ ဒါပေမဲ့ အဲဒီအပေါ်မှာ ရုရှားဘက်က တုန့်ပြန်မှု မရှိသေးပါဘူး” ဟု သူက ပြောဆိုခဲ့သည်။
Ref: စကိုင်းနူးစ်
