မွန်ပြည်နယ်၊ သထုံမြို့တွင် ပါတီရုံးချုပ်တည်ရှိသည့် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီမှတ်ပုံတင်ခွင့်ပြုရန် ဩဂုတ်(၁၂)ရက်က လျှောက်ထားခဲ့ကြောင်း သိရသည်။
ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် အသုံးပြုမည့် အလံနှင့်တံဆိပ်တို့ကိုလည်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကိုတင်ပြထားပြီး ယင်းပါတီအသုံးပြုမည် တံဆိပ်နှင့်အလံကို ကန့်ကွက်လိုပါက (၇)ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယမန်နေ့ ဩဂုတ်လ (၁၉) ရက်က အသိပေးထုတ်ပြန်ထားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ဩဂုတ်လ (၁၂) ရက်အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ(၂၇)ဖွဲရှိပြီး နိုင်ငံရေးပါတီ (၂၂)ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားသည့်နိုင်ငံရေးပါတီ (၂၂) ပါတီအနက် (၁)ပါတီကို မှတ်ပုံတင်ခွင့် ငြင်းပယ်ခဲ့ပြီး (၁၈)ပါတီကို မှတ်ပုံတင်ခွင့်ပြုထားကြောင်း သိရသည်။
ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စီစစ်ဆောင်ရွက်မှုများလုပ်ဆောင်နေကြောင်း သိရသည်။
လာမည်ရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ဒီဇင်ဘာ (၂၈) ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ကော်မရှင် က အသိပေးထားပြီး ဖြစ်သည်။
