မြေရှားသတ္တုများဆိုင်ရာ သဘောတူညီချက်ကို အမေရိကန်နှင့် ယူကရိန်းတို့သည် ယနေ့ ဖေဖေါ်ဝါရီ ၂၂ ရက်တွင် လက်မှတ်ရေးထိုးနိုင်ကြောင်း ဝေါလ်စထရိဂျာနယ်ကြီးက ရေးသားဖော်ပြထားသည်။
“သဘောတူညီချက်အပြည့်အစုံကို မသိရသေးသော်လည်း ချက်ချင်းလက်မှတ်ထိုးနိုင်သည်” ဟု ၎င်း၏သတင်းရင်းမြစ်များကို ကိုးကားကာ ဖော်ပြခဲ့ပြီး “သဘောတူညီချက်၏ တိကျသောအချက်များကို မသိရသေးကြောင်း”ကိုပါ ဖြည့်စွက်ဖော်ပြထားသည်။
ယူကရိန်းနှင့် မြေရှားသတ္တုများဆိုင်ရာ ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်အကြောင်းကို အမေရိကန်သမ္မတ ထရမ့်က အိုဗယ်ရုံးခန်းတွင် သတင်းထောက်များအား “သူတို့လိုချင်မယ်ထင်တယ်။ သူတို့ကျေနပ်နေကြတယ်” ဟု ပြောကြားခဲ့သည်။
သူက “ဒါဟာ ကျွန်တော်တို့ဆက်ဆံရေးကို အားကောင်းစေမယ့် သဘောတူညီချက်ဖြစ်ပြီး၊ အဓိကအချက်ကတော့ ထိရောက်မှုရှိစေဖို့အတွက် အသေးစိတ်အချက်များကို ညှိနှိုင်းရဦးမယ်” ဟု ပြောကြားကာ “တရားမျှတသော ရလဒ်ကို စောင့်မျှော်နေပါတယ်” ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
ယမန်နေ့ကမူ အိမ်ဖြူတော် သတင်းရင်းမြစ်များအရ၊ ယူကရိန်းသမ္မတဇယ်လင်စကီးသည် အမေရိကန်နှင့် မြေရှားသတ္တုများဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ငြင်းဆိုခဲ့ခြင်း၊ ထို့အပြင် ယူကရိန်းသို့ အလည်အပတ်လာသည့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်အား “ကြမ်းတမ်းစွာ ပြောဆိုခဲ့ခြင်း”တို့ပြုလုပ်ခဲ့သည် ဟု ထရမ့်က မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ယူကရိန်းသို့ စစ်ရေးအကူအညီ ရပ်ဆိုင်းရန် ထရမ့်က အသင့်ပြင်ထားကြောင်း ယင်းအခြေအနေနှင့် နီးစပ်သော အမေရိကန်အရာရှိ ၃ ဦးက ပြောကြားခဲ့သည်။
