ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ မြေနိမ့်ဒေသစိုက် ရိုဘတ်စတာ (Robusta) ကော်ဖီပင်များကို စိုက်ပျိုးမည် ဖြစ်ကြောင်း သိရသည်။ မြေနိမ့်ဒေသစိုက် ရိုဘတ်စတာ Robusta ကော်ဖီပင်များစိုက်ပျိုးရန် စိုက်ပျိုးမည့် အပင်အရေအတွက်၊ စိုက်ပျိုးပြီး အခြေအနေနှင့် စိုက်ပျိုးရန် လျာထားဆောင်ရွက်ဆဲအခြေအနေများနှင့်စပ်လျဉ်း၍ ကော်ဖီပျိုးပင်များ ပျိုးထောင်ထားမှုအခြေအနေအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူးတို့က ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။ အလားတူ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် သာယာဝတီခရိုင်တို့တွင် ရိုဘတ်စတာ(မြေနိမ့်)ကော်ဖီ ၁၁၂၄ ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် အာရေးဗီးကားကော်ဖီ ခေါ် ကုန်းမြင့်ကော်ဖီကို စိုက်ပျိုးနိုင်သကဲ့သို့ ရိုဘတ်စတာခေါ် မြေနိမ့်ကော်ဖီကို စိုက်ပျိုးနိုင်သည့် အခြေအနေများရှိနေသော်လည်း တစ်နိုင်ငံလုံး ကော်ဖီထုတ်လုပ်မှုမှာ တစ်နှစ်လျှင် တန်ချိန် ၇၀၀၀ ကျော်ခန့်သာရှိနေကြောင်း သိရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ ငါးနှစ်အတွင်း ကော်ဖီစိုက်ဧက သုံးသိန်းတိုးချဲ့စိုက်ပျိုးနိုင်ရန် စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ကုန်းမြင့်ကော်ဖီဖြစ်သော အာရေးဗီးကားကော်ဖီ (Arabica Coffee) ကို ဇုန်လေးခုခွဲ၍ ဧက နှစ်သိန်း၊ မြေနိမ့်ကော်ဖီဖြစ်သော ရိုဘတ်စတာကော်ဖီ (Robusta Coffee) ကို ဇုန်သုံးခုခွဲ၍ ဧက တစ်သိန်း စုစုပေါင်း ကော်ဖီစိုက်ဧက သုံးသိန်းတိုးချဲ့ စိုက်ပျိုးထားကြောင်း သိရသည်။
