မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ဒေသ၌ တရားမဝင်ကုန်သွယ်မှုများ၊မူးယစ်ဆေးဝါးရောင်းဝယ်မှုများမရှိစေရေးပူးပေါင်းဆောင်ရွက်ရန် နစက ဥက္ကဋ္ဌနှင့်မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain တို့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
နစက ဥက္ကဋ္ဌထံ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် သံအမတ်ကြီး H.E. Dr. Md. Monwar Hossain မှ စက်တင်ဘာ ၆ ရက်နံနက် ၁၀ နာရီက ၎င်း၏ သံအမတ်ခန့်အပ်လွှာအား လာရောက်ပေးအပ်ခဲ့သည်။
ထိုသို့ ပေးအပ်ပြီးနောက် နစက ဥက္ကဋ္ဌနှင့်သံအမတ်ကြီးတို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊ပူးပေါင်းဆောင်ရွက်ရေးနှင့်ချစ်ကြည်ရင်းနှီးမှုဆိုင်ရာများ၊အပြန်အလှန်ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာများအား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံနယ်စပ်ဒေသ၌ တရားမဝင်ကုန်သွယ်မှုများ၊မူးယစ်ဆေးဝါးရောင်းဝယ်မှုများမရှိစေရန် ပူးပေါင်းဆောင်ရွက်ရေး၊နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး၊ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ကာကွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ “မိုခါ”မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများ၊မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဆိုင်ရာဖြစ်ပေါ်တိုးတက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။
သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲ ဖက်အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒု-ဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့်သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဝဏ္ဏဟန်တို့ တက်ရောက်ခဲ့ကြသည်။




