မြန်မာ-ထိုင်း နှစ်နိုင်ငံလေတပ်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန် ထိုင်းဘုရင့်လေတပ်မှ Air Chief Marshal Punpakdee Pattanakul ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ Bilateral Engagement Activities ဆိုင်ရာလှုပ်ရှားမှုများဆောင်ရွက်ရန် ယနေ့ စက်တင် ဘာ ၁၇ ရက်က ထိုင်းဘုရင့်လေတပ်မှ ATR-72 လေယာဉ်ဖြင့် နေပြည်တော်သို့ရောက်ရှိလာခဲ့ကြသည်။
ထိုသို့ ရောက်ရှိလာပြီးနောက် ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်တွေ့ဆုံကာ နှစ်နိုင်ငံလေတပ်များကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များအား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဗိုလ်ချုပ်ကြီးထွန်းအောင်မှ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ထိုင်းဘုရင်လေတပ်မှဦးစီးတည်ထားလျက်ရှိသော Phra Mahathat Naphamethinidon Naphabhumisiri စေတီတွင် ဌာပနာထည့်သွင်းကိုးကွယ်ရန် ဘုရား၊ ရဟန္တာဓာတ်တော်များနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပုံတူဆင်းတုတော်တို့အား ထိုင်းဘုရင်လေတပ်ဦးစီးချုပ်ထံပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ထိုင်းဘုရင်လေတပ်ဦးစီးချုပ်နှင့် ဇနီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီးတို့က ဂုဏ်ပြုနေ့လယ်စာဖြင့်တည်ခင်းဧည့်ခံပြီးနောက် ထိုင်းဘုရင်လေတပ်ဦးစီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်မြို့သို့ဆက်လက်ထွက်ခွာပြီး ဗိုလ်တစ်ထောင်စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ကြသည်။
