နိုင်ငံတကာကုန်စည်ပို့ဆောင်မှုပမာဏကိုတိုးမြှင့်စေရေးအတွက် မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်-မယ်ဆိုင်လမ်းကြောင်းကို Transit လမ်းကြောင်းအဖြစ်အသုံးပြုရန် မြန်မာ-ထိုင်းနှစ်နိုင်ငံတာဝန်ရှိသူများ ဖေဖော်ဝါရီ ၆ ရက်က တာချီလိတ်မြို့၌တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒု-ညွှန်ကြားရေးမှူးချုပ်နှင့် ထိုင်းနိုင်ငံ စိုက် ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၊ အမျိုးသားစိုက် ပျိုးရေးကုန်စည်နှင့် စားနပ်ရိက္ခာစံချိန်စံညွှန်းဗျူရိုအကြံပေးတို့မှ တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့ရှိ R3B route ၏ အစိတ်အပိုင်းဖြစ်သော မယ်ဆိုင်-တာချီလိတ်-ကျိုင်းတုံ-တာဖျင်-မိုင်းလား လမ်းကြောင်းအသုံးပြု၍ ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ သစ်သီးဝလံများ တင်ပို့ရာတွင် သတ်မှတ်ထားသည့်အပင်ပိုးမွှားရောဂါကင်းရှင်းရေး စစ်ဆေးမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီတင်သွင်းနိုင်ရေးကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ IPPC ၏ International Standard for Phytosanitary Measure (ISPMs) နှင့်အညီတင်ပို့နေသော သီးနှံအမျိုးပေါင်း (၁၆) မျိုးအနက် အများဆုံးတင်ပို့သည့် ပြောင်း၊ မတ်ပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ဆန် များအား အဆင်ပြေချောမွေစွာတင်ပို့နိုင်ရန်၊ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ဖြတ်သန်း၍ တရုတ်နိုင်ငံသို့ သီးသီးဝလံများတင်ပို့ရာတွင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ကြားစခန်းများတွင် ခေတ္တရပ်နားပြီး တစ်ဖက်နိုင်ငံသို့တင်ပို့ရာ၌ ဌာန၏လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
မယ်ဆိုင်-တာချီလိတ်-ကျိုင်းတုံ-တာဖျင်-မိုင်းလား လမ်းကြောင်းကိုအသုံးပြုခြင်းဖြင့် နိုင်ငံတကာကုန်စည်ပို့ဆောင်မှုပမာဏတိုးမြှင့်စေမည်ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ ကုန်သွယ်မှု၊ ဝန်ဆောင်မှုနှင့် ထောက်ပံ့ပို့ ဆောင်ရေးကဏ္ဍများတွင် စီးပွားရေးကဏ္ဍပိုမိုမြင့်မားလာခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဂိုဒေါင်စီမံခန့်ခွဲမှုကဲ့သို့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအထောက်အကူပြုစီးပွားရေးကဏ္ဍများတိုးချဲ့လာနိုင်ခြင်း၊ နှစ်ဖက်နယ်စပ်ဒေသနေသူများအတွက် အလုပ်အကိုင်ဖန်တီးမှုနှင့် ဝင်ငွေတိုးပွားလာစေခြင်းအကျိုးကျေးဇူးများရရှိလာမည်ဖြစ်သည်။
Photo-ရှမ်းအရှေ့သတင်းမဏ္ဍိုင်
