မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာ အထွေထွေရောဂါကုဆေးရုံနှင့် တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ ပီရှန်းဆေးရုံတို့အကြား ဆေးပညာဖလှယ်ရေးအစီအစဉ် ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၃ ရက်က ပီရှန်းဆေးရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစီအစဉ်ကို ချုံချင့်နိုင်ငံခြားရေးဌာန၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (ချုံချင့်မြို့) နှင့် ပီရှန်းဆေးရုံတို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး နှစ်နိုင်ငံ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပညာရပ်ဆိုင်ရာ ဖလှယ်မှုများကို တိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
အစီအစဉ်အရ မြောက်ဥက္ကလာ အထွေထွေရောဂါကုဆေးရုံမှ ဆေးပညာရှင်များ၊ ဆရာဝန်များ၊ သူနာပြုများနှင့် ဆေးရုံစီမံခန့်ခွဲမှုဆိုင်ရာ ကိုယ်စားလှယ်များ ပါဝင်သည့်အဖွဲ့သည် ပီရှန်းဆေးရုံ၌ ဆေးဘက်ဆိုင်ရာ အတွေ့အကြုံများ အပြန်အလှန်ဖလှယ်ခြင်း၊ ခေတ်မီဆေးရုံစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ လေ့လာခြင်းနှင့် ပူးတွဲလေ့ကျင့်ရေးအစီအစဉ်များ အကောင်အထည်ဖော်နိုင်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ဘက်မှ ချုံချင့်နိုင်ငံခြားရေးဌာန Second-level Inspector Ms. Fan Qing၊ ပီရှန်းခရိုင် ဒုတိယမြို့တော်ဝန် Mr. Zhang Chuan၊ ပီရှန်းခရိုင်အစိုးရတာဝန်ရှိသူများနှင့် ပီရှန်းဆေးရုံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
မြန်မာဘက်မှ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (ချုံချင့်မြို့) မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် ပရော်ဖက်ဆာ ဒေါက်တာ နေအောင်ထွန် ဦးဆောင်သည့် မြောက်ဥက္ကလာ အထွေထွေရောဂါကုဆေးရုံမှ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပီရှန်းဆေးရုံနှင့် မြောက်ဥက္ကလာ အထွေထွေရောဂါကုဆေးရုံတို့သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ပြီး ယခုဆေးပညာဖလှယ်ရေးအစီအစဉ်သည် နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းခိုင်မာစေမည့် အရေးပါသော ခြေလှမ်းတစ်ရပ်အဖြစ် မျှော်လင့်ထားကြောင်း သိရသည်။
