အကျပ်အတည်းကာလအတွင်း မြန်မာနိုင်ငံနှင့် ဆက်လက်ထိတွေ့ဆက်ဆံရန်အတွက် အမြဲတမ်း အထူးကိုယ်စားလှယ် ခန့်အပ်သွားရေးကို စဉ်းစားရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက သဘောတူလိုက်ကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ မနက်ဖြန်(မေလ ၂၆) ရက် နေ့တွင် ကျင်းပမည့် ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆရီ မိုဟာမက် ဟာဆန်က ထုတ်ပြန်ကြေညာမည်ဖြစ်သည်။
“အမြဲတမ်း သံတမန်ခန့်ထားဖို့လိုအပ်တယ်ဆိုတဲ့ အဆိုပြုချက်ကို အများစုက လက်ခံသဘောတူခဲ့ပြီး ကန့်ကွက်သူ မရှိခဲ့ပါဘူး” ဟု ၎င်းက ပြောသည်။
“ကနဦးအနေနဲ့ သုံးနှစ်သက်တမ်းအတွက်ကို ကျွန်တော်တို့ မှန်းထားပါတယ်။ အဲလိုမှ မဟုတ်ရင် အာဆီယံနိုင်ငံတွေက တစ်နှစ်စီ အလှည့်ကျခန့်အပ်ဖို့ လိုအပ်ပါလိမ့်မယ်” ၎င်းက ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံရှိ သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံရာတွင် လွယ်ကူချောမွေ့စေရန် ယင်းကဲ့သို့ အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း မိုဟာမက်က ပြောသည်။
လက်ရှိကျင့်သုံးနေသော နှစ်စဉ် အလှည့်ကျ ကိုယ်စားလှယ်ခန့်အပ်မှုအရ ကိုယ်စားလှယ်အသစ်တိုင်းသည် အစမှ စတင်ရမည်ဖြစ်သောကြောင့် ပဋိပက္ခကို ဖြေရှင်းရာတွင် တိုးတက်မှုကို အဟန့်အတားဖြစ်စေသည်ဟု ၎င်းက ပြောဆိုခဲ့သည်။
အဆိုပါစနစ်သည် နှစ်စဉ် အလှည့်ကျဖြစ်နေသောကြောင့် အထူးကိုယ်စားလှယ်ကို ပြောင်းလဲကာ အားလုံးကို ပြန်စရကြောင်း၊ ယင်းသည် အဆုံးသတ်မရှိသောကြောင့် အခြားရွေးချယ်စရာတစ်ခုကို ရှာဖွေရန် မိမိတို့ သဘောတူထားပါကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
လက်ရှိမြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Tan Sri Othman Hashim ကို ယခုနှစ် ဇန်နဝါရီလတွင် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။
Ref: အင်န်အက်စ်တီ