ထိုင်း ဝါရင့်သံတမန် ဆီဟာဆက် ဖူအန်ခက်ကောင်းသည် ထိုင်းဝန်ကြီးချုပ်အနုထင်က ဖွဲ့စည်းမည့် အစိုးရသစ်လက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာမည်ဟု သတင်းများထွက်ပေါ်လျှက်ရှိသည်။




၂၀၂၃-၂၀၂၄ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဗဟီဒါနူကာရာ လက် အောက်တွင် ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် ခဏတာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဆီဟာဆက် ကလည်း တာဝန်ယူရန် သဘောတူခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ လာမည့်ရက်ပိုင်းအတွင်း အစိုးရအဖွဲ့အသစ်၏ ရာထူးခန့်အပ်မှုအချို့ကိုကြေညာဖွယ်ရှိရာ သူပါဝင်လာနိုင်သည်။
လာမည့် အနုထင် အစိုးရသည် ပြည်တွင်းစီးပွားရေး ပြန်လည်ဦးမော့လာရေးနှင့်အတူ နိုင်ငံခြားရေးမူဝါဒကို မြင့်တင်မည့် အစီအစဉ်ပါဝင်သည်။
အစိုးရသစ်၏ ဦးစားပေးလုပ်ငန်းသုံးရပ်မှာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် တိုးတက်မှုကို ပြန်လည်အသက်သွင်းရန်၊ မကြာခင်က နယ်နိမိတ်ပြဿနာများအပြီး အိမ်နီးချင်းကမ္ဘောဒီးယားနိုင်ငံနှင့် ဆက်ဆံရေးကို ပုံမှန်ဖြစ်စေရန် နှင့် ထိုင်းနိုင်ငံကို နိုင်ငံတကာ စင်မြင့်တွင် မြှင့်တင်ပေးရန်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ဆီဟာဆက် ၏ သံတမန်အတွေ့ကြုံရင့်ကျက်မှုနှင့်ကမ္ဘာတစ်ဝန်း၌ အဆက်အသွယ်များရှိနေမှုတို့သည် အစိုးရသစ်၏ရည်မှန်းချက်များကို အောင်မြင် စေရန် ကောင်းစွာ အထောက်အကူဖြစ်စေသည်ဟုသံတမန်ရေးရာလေ့လာစောင့်ကြည့်သူများကပြောကြားခဲ့သည်။
၎င်းသည် ထိုင်းနိုင်ငံ၏ သက်တမ်းအရင့်ဆုံး သံတမန်များထဲမှ တစ်ဦးဖြစ်ပြီး နိုင်ငံခြား ရေးဝန်ကြီးဌာန တွင် ဆယ်စုနှစ် လေးခုကျော် တာဝန်ထမ်းဆောင်ခဲ့သည်။မြန်မာ့အရေးကိစ္စကိုလည်းအထူးစိတ်ဝင်စားသူဖြစ်ပြီး မကြာခင်က နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၅တွင်လည်း ပါဝင်ဆွေးနွေးခဲ့သူတစ်ဦးဖြစ်သည်။
၎င်းသည် ဂျီနီဗာတွင် ကုလသမဂ္ဂဆိုင်ရာ ထိုင်းနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၁၀ ခုနှစ်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ဂျပန်၊ ပြင်သစ်နှင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) တို့တွင်လည်း သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
အာဆီယံအဖွဲ့အတွင်း အာဆီယံပဋိညာဉ်စာတမ်းမူကြမ်းရေးဆွဲရေး တွင် ထဲထဲ ဝင်ဝင် ပါဝင်ခဲ့ပြီး အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
ထိုင်းနိုင်ငံသည် အင်အားကြီးနိုင်ငံများနှင့်ဆက်ဆံရေးကို ချိန်ခွင်လျှာညှိရန် ကြိုးပမ်းနေသောကြောင့်ဆီဟာဆက်၏ ခန့်အပ်မှုကိုသာ အတည်ပြုပါက ၎င်းသည် စိန်ခေါ်မှု အချို့ ကို ချက်ချင်းရင်ဆိုင်ရမည်ဖြစ်သည်။
မကြာသေးမီက နယ်စပ်တလျှောက် လက်နက်ကိုင် ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် ဖနွမ်းပင်နှင့် ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးသည် နိုင်ငံ၏ ထိပ်တန်း ဦးစားပေးလုပ်ဆောင်ရမည့်အရာဖြစ်သည်။
တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံသည် အာဆီယံ၏ အချက်အခြာကျမှုကို ကာကွယ်ရင်း တရုတ်၊ အမေရိက တို့နှင့် ဆက်ဆံရေးကို ဟန်ချက်ညီအောင် ဆောင်ရွက်ရမည်ဖြစ်သည်။
Ref:world.thaipbs.or.th
သတင်းအပြည့်အစုံဖတ်ရန်>>
