ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည့် မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ယနေ့ ဩဂုတ် (၅) ရက် နံနက်ပိုင်းတွင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ဩဂုတ် (၆)ရက် မှ ဩဂုတ်(၁၉) ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ပြိုင်ပွဲဝင်အသင်း စုစုပေါင်း (၈) သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
မြန်မာအမျိုးသမီးဘောလုံးအသင်းအနေဖြင့် အုပ်စု (B)တွင် ဖိလစ်ပိုင်၊ ဩစတြေးလျ၊ တီမောအသင်းတို့နှင့် ကျရောက်နေခြင်းဖြစ်ပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဩဂုတ် (၇) ရက်တွင် ဩစတြေးလျအသင်း၊ ဩဂုတ် (၁၀) ရက်တွင် တီမောအသင်း၊ ဩဂုတ် (၁၃) ရက်တွင် ဖိလစ်ပိုင်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာအသင်းအနေဖြင့် ယခုပြုလုပ်သည့်အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို (၁၁)ကြိမ် ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ကာ အဆိုပါပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ၂၀၀၄ ခုနှစ်နှင့်၂၀၀၇ ခုနှစ်က ဗိုလ်စွဲနိုင်ခဲ့ပြီး ယခုနှစ်ပြိုင်ပွဲကို (၁၁) ကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်းသိရသည်။
