အာရှအမျိုးသမီး ချန်ပီယံလိဂ် AFC Women’s Champions League 2025/26 ပြိုင်ပွဲ အုပ်စု(C)ပွဲစဉ်များအား ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် လာမည့် နိုဝင်ဘာ (၉) ရက်မှစတင်ကာ ကျင်းပတော့မည်ဖြစ်သည်။
အိမ်ရှင် ISPE အမျိုးသမီး အသင်းအနေဖြင့် အဖွင့်ပွဲစဉ်တွင် တောင်ကိုရီးယား အမျိုးသမီးကလပ် ဆူဝမ် (Suwon Wo men FC) နှင့် စတင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ဆူဝမ်အသင်းသည် တောင်ကိုရီးယားနိုင်ငံ မြောက်ပိုင်း ဆူဝမ်မြို့ အခြေစိုက်ကလပ်အသင်းဖြစ်ပြီး ကိုရီးယားအမျိုး သမီးလိဂ် WK League တွင်ပါဝင်ယှဉ်ပြိုင်နေသော အသင်းဖြစ်သည်။
ဆူဝမ် အမျိုးသမီးအသင်းအား လွန်ခဲ့သည့် (၁၇) နှစ် (၂၀၀ ၈ ခုနှစ်) တွင် စတင်တည်ထောင်ခဲ့ပြီး အိမ်ကွင်းမှာ ပရိသတ်တစ်သောင်းကျော်ဝင်ဆံ့သည့် Suwon Sports Complex ဖြစ်သည်။
ဆူဝမ်အသင်းအနေဖြင့် ပြည်တွင်းလိဂ်တွင် ချန်ပီယံ နှစ်ကြိမ် (၂၀၁၀၊ ၂၀၂၄ ခုနှစ်)၊ ဒုတိယနှစ်ကြိမ် (၂၀၁၉၊ ၂၀၂၃ ခုနှစ်) ရရှိထားပြီး ယခုနှစ်တွင် အာရှအမျိုးသမီး ချန်ပီယံလိဂ်အား ပထမဆုံး စတင်ဝင်ရောက်ကစားခြင်း ဖြစ်သည်။
နည်းပြချုပ်အဖြစ် ပတ်ဂီယန်း တာဝန်ယူထားပြီး လက်ရှိ WE League 2025 ရာသီတွင် အဆင့်(၇)သို့ရောက်ရှိနေသ ည်။
၂၀၂၅ ရာသီ ပြည်တွင်း ပြိုင်ပွဲတွင် ရလဒ်များကောင်းမွန်ခြင်းမရှိဘဲ ပွဲစဉ် (၂၈) ပွဲတွင် (၅) ပွဲနိုင် (၉) ပွဲသရေ၊ (၁၄)ပွဲအထိ ရှုံးနိမ့်ထားသည်။
အသင်းတွင် ကိုရီးယားအမျိုးသမီး လက်ရွေးစင်အဖြစ် ပွဲပေါင်း (၁၅၆) ပွဲကစားပြီး သွင်းဂိုး (၂၆) ဂိုးရရှိထားသည့် ကွင်းလယ်လူ ချိုဆိုဟွန်းမှာ အသက် (၃၇) နှစ်အရွယ်ရှိနေပြီး အင်္ဂလန် အမျိုးသမီးလိဂ်မှ ဝက်စ်ဟမ်း၊ စပါး၊ ဘာမင်ဂမ်တို့တွင် ပရော်ဖက်ရှင်နယ်သွားရောက်ကစားထားသူ ဖြစ်သည်။
နိုင်ငံခြားကစားသမားများအဖြစ် ဂျပန်မှ နီရှီကာဝါ၊ ရီနာ အိုကူဆု၊ ဘရာဇီးလ်မှ မီလီနင်ဟာ တို့ကိုခေါ်ယူထားပြီး ကိုရီးယားပြည်တွင်း ကစားသမားများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။
ဆူဝမ်အသင်းအနေဖြင့် အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ရန်ကုန်မြို့သို့ နိုဝင်ဘာ (၆) ရက်တွင်ရောက်ရှိမည်ဖြစ်ပြီး ပွဲဦးထွက်အဖြစ် အိမ်ရှင် ISPE FC အသင်းနှင့် နိုဝင်ဘာ (၉)ရက်၊ ည (၇)နာရီတွင် စတင်ယှဉ်ပြိုင်ရမည်ဖြစ် သည်။
ကွင်းအတွင်းလာရောက်အားပေးကြည့်ရှုမည့် ပရိသတ်များ အပြန်ခရီးအဆင်ပြေစေရန်အတွက် အခမဲ့ကားများ စီစဉ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားသည်။
ကွင်းဝင်ကြေးအဖြစ် အထူးတန်း (၅,၀၀၀) ကျပ်နှင့် ရိုးရိုးတန်း (၂,၀၀၀)ကျပ် သတ်မှတ်ထားပြီး ၊ လက်မှတ်တစ်စောင်လျှင် (၂) ပွဲနှုန်း ကြည့်ရှုခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
Photo Credit: Suwon FC
