နေပြည်တော်၊ဇူလိုင်-၂၁
အသင့်စားမုန့်အမျိုးမျိုးတွင် မြန်မာဘာသာ သို့မဟုတ် မြန်မာဘာသာနှင့် အခြားဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
အသင့်စားမုန့်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ မဖော်ပြထားပါက စားသုံးသူများအနေဖြင့် ဓာတ်မတည့်သည့် ပါဝင်ပစ္စည်းများ ပါဝင်ခြင်းရှိ၊ မရှိကို သိရှိနိုင်မည်မဟုတ်ဘဲ ကျန်းမာရေးထိခိုက်မှုနှင့် အသက်အန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်းစားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ကြောင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်ရန်နှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်အုပ်စု ရှစ်အုပ်စုအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ၊ မရှိကို စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး ကုန်တိုက်များ၊ ဈေးများနှင့် ကျောင်းမုန့်ဈေးတန်းများတွင် ရက်သတ္တပတ်အလိုက်နှင့် လအလိုက် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ထုတ်လုပ်သူလုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများ သိရှိလိုက်နာနိုင်စေရန် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် တွေ့ဆုံဆွေးနွေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ Consumer Information & Complaint Center (CICC) များ သို့မဟုတ် Consumer Call Center (1535) သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စားသုံးသူရေးရာဦးစီးဌာနက အသိပေးထားသည်။
စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၇၃ အရ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား မဖော်ပြထားသည့် ကုန်စည်များကို စစ်ဆေးတွေ့ရှိပါက နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေကျပ်သိန်း ၂၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။
