တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့သို့ လေ့လာရေးခရီးရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေ ၂၁ ရက်က နန်နင်းမြို့၊ ဒု-မြို့တော်ဝန် H.E. Mr. Guo Wei နှင့်တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဥ် မြန်မာကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် တရုတ်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပမည့် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံရေး၊ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ဒေါ်ခိုင်ဆုလင်းလည်းတက်ရောက်ခဲ့ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း၌ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ အဆင့်မြင့်နည်းပညာနှင့် ဉာဏ်ရည်တုနည်းပညာဆိုင်ရာကုမ္ပဏီများကို သွားရောက်လေ့လာခဲ့ကြသည်။