မြန်မာအဆင့်မူကြမ်း(၇၃)ခုကို မြန်မာစံချိန်စံညွှန်းအဖြစ် အတည်ပြုသတ်မှတ်ခြင်းနှင့် အမျိုးသားအသိအမှတ်ပြု ကော်မတီဖွဲ့စည်းခြင်းကို အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဩဂုတ်(၂၁)ရက် ကပြုလုပ်သည့် အမျိုးသားအဆင့် အရည်သွေးဆိုင်ရာ အခြေခံအဆောက်အအုံများ ခိုင်မာအားကောင်းစေရေးအတွက် စံချိန်စံညွှန်းသတ်မှတ်ခြင်း၊နိုင်ငံတကာအသိမှတ်ပြုလက်မှတ် ထုတ်ပေးခြင်း၊ တိကျတိုင်းတာခြင်းနည်းပညာ၊ ဓာတ်ခွဲတိုင်းတာခြင်း၊ အရည်သွေးထောက်ခံချက်ထုတ်ပေးခြင်းနှင့် အရည်သွေးစစ်ဆေးခြင်းလုပ်ငန်းစဉ် ပိုမိုတိုးတက်လာစေရန် ရည်ရွယ်သည့် စံချိန်စံညွှန်းလုပ်ငန်းကော်မတီအစည်းအဝေးတွင် မြန်မာစံချိန်စံညွှန်းအဖြစ် မူကြမ်း(၇၃)ခုကို အတည်ပြုသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခြေခံအဆောက်အုံများ ခိုင်မာအားကောင်းစေရေးအတွက် ပြည်တွင်းရှိ ဆက်စပ်ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နေပြီး နိုင်ငံတကာနှင့် ဒေသတွင်းရှိ အဖွဲ့အစည်းများနှင့် MOU ရေးထိုးခြင်း နှင့် စံချိန်စံညွှန်းသတ်မှတ်ခြင်းကို နိုင်ငံတကာအလေ့ကျင့်ကောင်းများနှင့် သတင်းအချက်လက်များဖလှယ်ပြီး စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကိုက်ညီစွာဖြင့် ထုတ်ကုန်များကို ထုတ်လုပ်၊ တင်သွင်း၊ တင်ပို့မှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်းလည်း စံချိန်စံညွှန်းလုပ်ငန်းကော်မတီ ဥက္ကဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ပြောကြားခဲ့သည်။
အဆိုပါ မူကြမ်း(၇၃)ခုကို အတည်ပြုသတ်မှတ်ခြင်းကို အမျိုးသားစံချိန်စံညွှန်း ကောင်စီဝင်များဖြစ်သည့် ဝန်ကြီးဌာန အသီးသီးက ဒုတိယဝန်ကြီးများ အမြဲတန်းအတွင်းဝန်များ UMFCCI၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နှင့် ပုဂ္ဂလိကအဖွဲ့စည်းများက တာဝန်ရှိသူ တက်ရောက်ဆွေးနွေးပြီး အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
