ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန၊ မြန်မာစာအဖွဲ့ရုံးမှ မြန်မာစာအဖွဲ့ဝင် ဆရာကြီး၊ ဆရာမကြီးများနှင့် တာဝန်ရှိသူများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်တို့ ယနေ့တွေ့ဆုံခဲ့သည်။
မြန်မာဘာသာစကားသည် မြန်မာစာရုံးဌာနများ၊ တက္ကသိုလ်များတွင်အသုံးပြုနေသည့် ဘာသာစကားဖြစ်ရာ မြန်မာစာအဖွဲ့၏ ကြိုးပမ်းအားထုတ်မှုများသည် အလွန်အရေးပါ၍ မြန်မာစာအဖွဲ့သည် နိုင်ငံတော်အတွက်စွမ်းအားတစ်ခုဖြစ်သည်ကိုယုံကြည်သည်ဟု ပြောသည်။
ထို့ပြင် ဆရာကြီး၊ ဆရာမကြီးများကတာဝန်ယူ၍ နိုင်ငံတော်အတွက် မြန်မာစာပေဖွံဖြိုးတိုးတက်ရန် ပံ့ပိုးပေးနေခြင်းကိုလည်းကျေးဇူးတင်သည်ဟု ပြောကြားသည်။
မြန်မာစာနှင့် အင်္ဂလိပ်စာသည် ကျောင်းသား၊ ကျောင်းသူများအတွက် ဘွဲ့ရသည်အထိသာမက အစိုးရအဖွဲ့အစည်းများတွင်ဖြစ်စေ၊ ပုဂ္ဂလိကကဏ္ဍများတွင်ဖြစ်စေ တာဝန်ထမ်းဆောင်ရာတွင် နေ့စဥ်အသုံးပြုနေသည့် ဘာသာစကားဖြစ်ပြီး မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာနမှထုတ်ဝေသည့် အဘိဓာန်စာအုပ်များသည် တက္ကသိုလ်များ၊ ကျောင်းများ၊ မြန်မာစာဌာနများနှင့် သက်ဆိုင်ရာဦးစီးဌာနများရှိ စာကြည့်တိုက်များတွင် မရှိမဖြစ်ထားရှိရမည့် စာအုပ်များဖြစ်သည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
