ရန်ကုန်ယူနိုက်တက်အသင်း ကစားသမားဟောင်းဖြစ်သူ မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မောင်မောင်လွင်သည် မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်းရေး ထိုးပုံဖော်ပေးခဲ့သည့်အတွက် ဂုဏ်ယူကြောင်း ရန်ကုန်ယူနိုက်တက်အသင်းက အသိပေးထုတ်ပြန်သည်။
ယမန်နေ့ မေ (၂၈)ရက် ညပိုင်းက မလေးရှားနိုင်ငံ၊ ဘူကစ်ဂျာလီကွင်းအတွင်း ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ASEAN ALL STARS အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မောင်မောင်လွင်၏ အဖွင့်ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အပေါ် ရည်ရွှယ်ခြင်းဖြစ်သည်။
“ရန်ကုန်ယူနိုက်တက် မြက်ခင်းစိမ်းမှာ ပျော်မွေ့ခဲ့တဲ့ ခြင်္သေ့လေးတစ်ကောင်ရဲ့ အံ့ဩသင့်ဖွယ်ရာ အနိုင်ဂိုးဖြစ်တဲ့အပြင် မြန်မာကို ကမ္ဘာကသိစေမယ့် သမိုင်းဝင်မှတ်တမ်းကို ရေးထိုးပုံဖော်ပေးခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ မောင်မောင်လွင်၊ ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ Manchester United အသင်းကြီးကို မောင်မောင်လွင်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ကမ္ဘာမှာ မြန်မာရဲ့အရည်အချင်းကို ပြသလိုက်တာပဲဖြစ်ပါတယ်” ဟု ရန်ကုန်ယူနိုက်တက်အသင်း၏ ဂုဏ်ပြုအသိပေးချက်တွင် ဖော်ပြထားသည်။
မောင်မောင်လွင်မှာ ယနေ့ မေ(၂၉)ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် မြန်မာနိုင်ငံသို့ပြန် လည်ရောက်ရှိလာပြီဖြစ်ကာ မြန်မာလက်ရွေးစင်အသင်းနှင့် ပြန်လည်ပူးပေါင်း၍ လေ့ကျင်မှုများ ဆက်လက်ပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။