လာမယ့်လမှာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာခေါင်းဆောင် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင်နဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးသွားဖို့ရှိတယ်လို့ ထိုင်းဝန်ကြီးချုပ် မစ္စတာ အနုတင် ချန်ဗီရာကူလ်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ကုတ်(Kok) မြစ်အတွင်း အဆိပ်အတောက်တွေ ညစ်ညမ်းနေမှု၊ စိုက်ပျိုးရေးလုပ်ငန်းခွင် မီးရှို့မှုတွေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ကိစ္စတွေလည်း ပါဝင်မှာပါ။
တရုတ်နိုင်ငံကို တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပြီးနောက် ချွန်ဘူရီပြည်နယ်ကို ပြန်လည်ရောက်ရှိချိန်မှာ မစ္စတာအနုတင်က အခုလို ပြောကြားခဲ့တာပါ။ တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တုန်းကလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ သူကဆိုပါတယ်။ အဲဒီအထဲမှာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးကို ရည်ရွယ်တဲ့ အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ သန့်စင်တဲ့စွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်စေမယ့် ကုန်ထုတ်လုပ်ငန်းတွေအကြောင်း ပါဝင်ပါတယ်။
ထိုင်းအစိုးရအနေနဲ့ အာဏာပိုင်တွေ အနီးကပ်စောင့်ကြည့်နေတဲ့ ကုတ်မြစ်ရေ ညစ်ညမ်းမှု ပြဿနာအပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေကို ဖြေရှင်းဖို့ ဆက်လက် ကတိပြုထားတယ်လို့လည်း သူက ပြောပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမ္မတ ဦးမင်းအောင်လှိုင်ဟာ လာမယ့် ဩဂုတ်လ ၃ ရက်နေ့နဲ့ ၄ ရက်နေ့တွေမှာ ထိုင်းနိုင်ငံကို တရားဝင် အလည်အပတ် လာရောက်ဖို့ ရှိနေတယ်လို့ မစ္စတာအနုတင်က ပြောပါတယ်။ ဒီခရီးစဉ်အတွင်းမှာ ထိုင်းနိုင်ငံဘက်ကနေ ကုတ်မြစ်ထဲက အဆိပ်သင့် ညစ်ညမ်းမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို တင်ပြသွားမှာဖြစ်သလို၊ ဒီပြဿနာကို ဖြေရှင်းဖို့ မြန်မာနိုင်ငံဘက်က ပူးပေါင်းပါဝင်လာအောင်လည်း တောင်းဆိုသွားမှာပါလို့ သူက ဆိုပါတယ်။
ကုတ်မြစ်ဟာ မြန်မာနိုင်ငံကနေ မြစ်ဖျားခံပြီး ထိုင်းနိုင်ငံထဲကို စီးဝင်လာတာဖြစ်တဲ့အတွက် ဒီကိစ္စမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့က အရမ်းကို အရေးကြီးနေတာပါ။ ဒါ့အပြင် စိုက်ပျိုးရေးလုပ်ငန်းခွင်တွေမှာ မီးရှို့တာကြောင့် ဖြစ်ပေါ်လာတဲ့ နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာတွေ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုတွေကို တိုက်ဖျက်ရေး အစီအမံတွေကိုလည်း ထည့်သွင်းဆွေးနွေးသွားဖို့ ရှိနေတယ်လို့လဲ သူက ပြောကြားပါတယ်။
