ဧရာဝတီမြစ်ရေသည် ပြီးခဲ့သည့် (၁၂) နာရီအတွင်း မြစ်ကြီးနားမြို့တွင် နှစ်ပေကျော် ပြန်လည်မြင့်တက်လာခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတိုင်းတာချက်အရ စိုးရိမ်ရေမှတ်သို့ မရောက်သေးသဖြင့် စိုးရိမ်စရာမလိုကြောင်း ဧရာဝတီမြစ်ရေးစောင့်ကြည့်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဧရာဝတီမြစ်ရေသည် နောက်ထပ် တစ်ပေခွဲခန့် ထပ်မံမြင့်တက်နိုင်ခြေရှိနေသော်လည်း မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သော ၁၂၀၀ စင်တီမီတာသို့ ရောက်ရှိရန် ၈၄၁ စင်တီမီတာ (၂၇ ပေခွဲခန့်)အလိုတွင် ရှိနေသေးသည့်အတွက် ထူးကဲမြစ်ရေကြီးနိုင်သည့် အခြေအနေမရှိကြောင်း ဆိုသည်။
ဒေသတွင်း မိုးလေဝသအခြေအနေခန့်မှန်းချက်အရ ကချင်ပြည်နယ်နှင့် မြန်မာပြည်မြောက်ပိုင်း အစွန်အဖျားဒေသများ၊ မေခနှင့် မလိခ မြစ်ဝှမ်းတစ်လျှောက်တွင် တိမ်ထူထပ်နေပြီး မိုးအသင့်အတင့် ရွာသွန်းနိုင်ကာ ယနေ့မှစ၍ နောက် (၄) ရက်ခန့်အထိ မိုးအား ပြန်လည်လျော့နည်းသွားနိုင်ကြောင်း ခန့်မှန်းထားသည်။
မြောက်ပိုင်းတွင် မိုးရွာသွန်းမှုကြောင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အထက်ပိုင်းတို့တွင် မြစ်ရေဆက်တိုက်မြင့်တက်လာနိုင်သဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့်ပြည်သူများ၊ ရေလုပ်သားများနှင့် စိုက်ပျိုးရေးလုပ်ကိုင်သူများအနေဖြင့် မြစ်ရေအတက်အကျသတင်းကို စောင့်ကြည့်ပြီး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားကြရန် တိုက်တွန်းထားသည်။
