ပန်ဒါနီဟု အများသိကြသည့် (Red Panda) များကို နီပေါ၊ အိန္ဒိယ၊ ဘူတန်၊ မြန်မာနှင့် တရုတ်နိုင်ငံတွင် အဓိကတွေ့ရသည်။
မြန်မာတွင်မူ ယင်းပန်ဒါနီများသည် အဓိကအားဖြင့် ကချင်ပြည်နယ်မြောက်ဖျားစွန်းဒေသများ ဖြစ်သည့် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နှင့် ဖုန်ကန်ရာဇီဘေးမဲ့တော၊ ကချင်ပြည်နယ်အရှေ့မြောက်စွန်းဒေသများဖြစ်သည့် မဂျယ်တောင်နှင့် အီမောဘွန်ဒေသများ၌ တွေ့ရသည်ဟု ဆိုသည်။
နောက်ပိုင်းတွင် တရားမဝင်ရောင်းဝယ်ဖေ-ာက်ကားမှုများ၊ လွန်ကျူးသည့်အမဲလိုက်မှုများ၊ ဆေးဖော်စပ်ရန်အတွက် ရောင်းဝယ်ဖေ-ာက်ကားမှုများကြောင့် ပန်ဒါနီများကို မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နေသောမျိုးစိတ်များအဖြစ် IUCNက သတ်မှတ်ထားသည်။
ထို့အပြင် မြန်မာနိုင်ငံ၌လည်း တောပြုန်းခြင်းနှင့် တရားမဝင်သစ်ခုတ်ခြင်းတို့ကြောင့် ပန်ဒါနီများ၏ စားကျက်မြေများလျော့နည်းလာမှုတို့ကြောင့်လည်း အကောင်အရေအတွက်လည်း ကျဆင်းလျက်ရှိနေသည်ဟု ထိန်းသိမ်းကာကွယ်သူများက ပြောကြသည်။
“သူတို့သဘောသဘာဝက အနေအထိုင် သိုသိပ်တယ်၊ လက်ကျန်အကောင်အရေအတွက်ကို သေချာစာရင်းပြုစုတွက်လို့မရသေးတဲ့အခြေအနေမှာရှိနေတယ်” ဟု ထိန်းသိမ်းကာကွယ်ရေးကိုစိတ်ဝင်စားသူတစ်ဦးက ပြောသည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏အဆိုရ ပန်ဒါနီများသည် သဘာဝတောအတွင်း၌ အကောင်ရေ (၁၀,၀၀၀) အောက်ကိုရောက်ရှိနေပြီး မကြာမှီမျိုးတုန်းရန် အန္တရာယ်ရှိသည့်မျိုးစိတ်ထဲတွင် ပါဝင်နေသည်ဟု ဆိုသည်။
လက်ရှိ၌လည်း တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်)တွင် ပန်ဒါနီ (၄)ကောင် ရောက်ရှိနေပြီး တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်) ၏ ရည်ရွယ်ချက်ဖြစ်သော Conservation ဆိုသည့် ထိန်းသိမ်းရေးလုပ်ငန်း Captive Breeding ( သားပေါက် မျိုးပွားခြင်း ) ကို ဆောင်ရွက်ပေးမည်ဟု ဆိုသည်။
ထိုနည်းတူ တောအတွင်း၌ ရှိနေသည့် ပန်ဒါနီများကို မျိုးတုန်းမှုဘေးမှကာကွယ်နိုင်ရန် ထိန်းသိမ်းကာကွယ်ရန်အတွက် ဒေသခံများပါဝင်ရန် အရေးကြီးကြောင်း၊ ဒေသခံများနှင့် လိုက်လျောညီထွေဖြစ်မည့် ဥပဒေပြုခြင်းနှင့် အသိပညာပေးခြင်းများကိုလည်း ပြုလုပ်သင့်ကြောင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများက ထောက်ပြပြောဆိုထားကြသည်။
ဓာတ်ပုံ – Northern Wildlife Rangers
