ပါတီကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေးတွင် အခက်ခဲဆုံးက လုံခြုံရေးဖြစ်နေကြောင်းပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဌ ဒေါ်သက်သက်ခိုင်ကပြောသည်။
ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
” မဲဆွယ်စည်းရုံးရေးမှာ အခက်ခဲဆုံးက လုံခြုံရေးဖြစ်ပါတယ်။ အဓိကတော့ ပါတီတစ်ခုကို ကိုယ်စားပြုပြီးတော့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပြည်သူကြားထဲဆင်းတဲ့အချိန်မှာ သာမန်ပြည်သူလူထုတွေရှိနိုင်တယ်။ ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့သူတွေရှိမယ်။ လုံခြုံရေးကို ပျက်ပြားအောင်လုပ်မယ်။ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဘယ်နိုင်ငံရေးပါတီကဖြစ်ဖြစ် နိုင်ငံရေးပါတီကိုယ်စားလှယ်လောင်းတွေကို ပြည်သူတွေကြားထဲဆင်းလို့မရအောင်လုပ်မယ်၊ အဖျက်အမှောင့်လုပ်ချင်တဲ့သူတွေလည်း ရှိတဲ့အခါကျတော့ လုံခြုံရေးအရ စိန်ခေါ်မှုတော့များပါတယ်။ ကျွန်မတို့ပါတီမှမဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေအကုန်လုံးရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ ကိုယ်စားလှယ်လောင်းတွေရဲ့ ပြည်သူလူထုထိတွေ့မှုပေါ်မှာ စိန်ခေါ်မှုတွေဖြစ်လာနိုင်ပါတယ်”ဟု ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်ကပြောသည်။
ထို့ပြင် ပါတီကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေးအခြေအနေကြောင့် ဒီဂျစ်တယ်နည်းလမ်း၊ မီဒီယာများမှတဆင့်စည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန် သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် မြို့နယ် ၂၆၇ မြို့နယ်၌ အပိုင်းလိုက် ပြုလုပ်သွားမည်ဖြစ်ကြောင်းရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
