ယခုလ မေ(၁၆)ရက်နှင့် နောက်ပိုင်းရက်များတွင် လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေရှိသဖြင့် ပင်လယ်ပြင် ရေလုပ်သားများ အချိန်မီ ကမ်းပြန်ဝင်နိုင်ရန် ပြင်ပ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးထားသည်။
မည်မျှအားပြင်းနိုင်သည်ကို ခန့်မှန်းမသိနိုင်သည့်အတွက် နေရာမရွေး အန္တရာယ်ပေးနိုင်သည်ဟုလည်း ၎င်းက ဆိုထားသည်။
လက်ရှိ ခန့်မှန်းထားချက်အရ လေဖိအားနည်းရပ်ဝန်းသည် ကမ်းရိုးတန်းအနီး အစပျိုးဖြစ်ပေါ်လာပါက မေလ (၁၀) ရက်နောက်ပိုင်းတွင် အနည်းဆုံး မိုးအသင့်အတင့်ရွာနိုင်သော အခြေအနေများ ရှိနေသည်ဟု ကြိုတင်ခန့်မှန်းရေး Model များက ပြသနေသည်ဟု ဆိုသည်။
အကယ်၍ မိုးရွာသွန်းမည်ဆိုပါကလည်း ရေချိန် မီလီမီတာ (၄၀) အထက်မှ မီလီမီတာ (၈၀)အထက် မိုးရေပမာဏများနိုင်ကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်းကြားမှု ဦးစီးဌာနကလည်း မြန်မာ့ပင်လယ်ပြင်တွင် ယမန်နေ့ မေ(၄) ရက် မွန်းတည့်ချိန်မှစ၍ နောက် (၂၄) နာရီအတွင်း အမြင့် (၅)ပေမှ (၈)ပေအထိ လှိုင်းကြီးနိုင်သည်ဟု အသိပေးထားသည်။