မူးယစ်တရားခံပြေး(၃)ဦးအပါအဝင် အမျိုးသား၊ အမျိုးသမီး(၅)ဦးကို ငွေကျပ်သိန်း(၉,၂၀၀)ကျော်တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန် ၁၀ ရက်ည ၈ နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်အနီး၌ မန္တလေးဘက်မှ ကလေးဘက်သို့ ကျော်စွာလင်း မောင်းလာသည့် PAJERO ကားအား သတင်းအရစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာ ကားပေါ်ပါမွေ့ရာ(၂)ခုအတွင်းသိုဝှက်သယ်ဆောင်လာသည့် ပလတ်စတစ်ဆပ်ပြာခွက်(၆၉၃)ခွက်ဖြင့်ထည့်ထားသော ဘိန်းဖြူမှုန့်(၆ ဒသမ ၉၃ ကီလို)ကိုဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက် များအရ ည ၉ နာရီခွဲတွင် ဘိန်းဖြူများအားတင်ပေးခဲ့သူ ကျော်ကြီး(ခ)ကျော်မင်းအောင်အား အောင်မြေသာစံမြို့နယ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဇွန် ၁၁ ရက်နံနက် ၉ နာရီ၌ မဟာအောင်မြေမြို့နယ်ရှိ သန်းသန်းမိုး၏ နေအိမ်အားရှာဖွေရာ မွေ့ရာ(၅)ခုအတွင်းသိုဝှက်ထည့်သွင်းထားသည့် ပလတ်စတစ်ဆပ်ပြာခွက်(၁,၉၃၆)ခွက်ဖြင့်ထည့်ထားသော ဘိန်းဖြူမှုန့်(၁၇ ဒသမ ၄၂၄ ကီလို)ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့အတူ ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါးများအားလာရောက်ပို့ပေးသူ မအေးမြင့်(ခ)မလု၊ မန္တလေးမှကလေးသို့ ဘိန်းဖြူများတင်ပို့ရောင်းချသူ ဒေါ်တင်ဦး(ခ)ဒေါ်အုန်းအား ဇွန် ၁၄ ရက်ညနေ ၅ နာရီ ၎င်း ၏သားဖြစ်သူ ဟိန်းလတ်နှင့် ဇနီး အေးအေးအောင် (ခ)မပိတို့အား ထပ်မံဖမ်းဆီးရမိခဲ့ကာ ၎င်းတို့(၃)ဦးသည် အုန်းချောနယ်မြေရဲစခန်းမှ မယ(ပ)၃/၂၀၂၄ ၊ မူးယစ်မှုဖြင့် အလိုရှိတရားခံပြေးများဖြစ်ကြောင်းကိုလည်း ဖော်ထုတ်သိရှိခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ငွေကျပ်သိန်း(၉,၂၀၀)ကျော်တန်ဖိုးရှိ ဘန်းဖြူ(၂၄ ဒသမ ၃၅ ကီလို)နှင့်အတူ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်းများတွင် ဥပဒေအရအရေးယူ၍ ၎င်းတို့၏ မူးယစ်ဆေးဝါးသယ် ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတို-က်ဖျ-က်ရေးဥပဒေဖြင့် အရေးယူနိုင်ရန်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။