ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် အစပြုဖြစ်ပေါ်လာသော လေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိခဲ့ပြီး အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ မိုးဆက်ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့တွင်အသိပေးထားသည်။
အဆိုပါ မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့မေ (၂၉)ရက်မှစ၍ ဇွန် (၂)ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
လက်ရှိတွင် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ စစ်တွေမြို့အနောက် – အနောက်မြောက်ဘက် ရေမိုင် (၂၅၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဆာဂါကျွန်း၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၆၀)မိုင်ခန့်၊ ဒီဂါမြို့၏ အရှေ့တောင်ဘက် ရေမိုင် (၇၀) မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့၏ အနောက် – အနောက်တောင် ရေမိုင် (၁၂၅) မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။
မုန်တိုင်းငယ်၏ ဗဟိုချက်လေဖိအားအနေဖြင့်(၉၈၈) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၃၀) မှ (၃၅) မိုင်နှုန်းခန့်ဖြစ်ကာ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း အသိပေးထားသည်။
ယင်း မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ကာ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၄) ပေမှ (၁၆) ပေခန့် ရှိနိုင်ပြီး မုတ္တမကွေ့၊ မွန် – တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀) ပေမှ (၁၄) ပေခန့် ရှိနိုင်ကြောင်း ဆိုသည်။
ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင် ရှားနိုင်ရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် သတိပေးနှိုးဆော်ထားသည်။